ပြည်ထောင်စုရှေ့နေချုပ်က UNDP မှ အဖွဲ့ခေါင်းဆောင် Ms.Emma Morly ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ မေ ၁၅

ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် UNDP မှ အဖွဲ့ခေါင်းဆောင် Ms.Emma Morly ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ ၁၄:၀၀ နာရီအချိန်တွင် ပြည်ထောင်စု ရှေ့နေချုပ်ရုံးရှိ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုရှေ့နေချုပ်က တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှု ဆိုင်ရာ လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့နှင့် စပ်လျဉ်းသည့် ကိစ္စရပ်များအားလည်းကောင်း၊ Ms.Emma Morly က ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လည်းကောင်း ဆွေးနွေးပြောကြားပါသည်။

ယင်းနောက်  ပြည်ထောင်စုရှေ့နေချုပ်က တရားဥပဒေစိုးမိုးရေးဌာနများ တရားမျှတမှုဆိုင်ရာ လုပ်ငန်းများ ပေါင်းစပ်ရေးအဖွဲ့ခွဲများအား တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးတွင် ယခု ရက်ပိုင်းအတွင်း ဖွဲ့စည်းနိုင်ရေးအတွက်  ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းအဖွဲ့များ အနေ ဖြင့် မိမိတို့သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် တရားစီရင်ရေးကဏ္ဍ တိုးတက်ရေး ကို ပေါင်းစပ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်အတွင်းရှိ ဥပဒေ ဆိုင်ရာ အထောက်အကူပြု အဖွဲ့စည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပါသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ UNDP မှ အဖွဲ့ခေါင်းဆောင် Ms.Emma Morly ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြား ရေးမှူးချုပ်များ တက်ရောက်ကြပါသည်။

(သတင်းစဉ်)