ပြည်ထောင်စုရှေ့နေချုပ်က ဥပဒေအရာရှိအဆင့်-၄ (အစမ်းခန့်) များအတွက် လုပ်ငန်းဝင်သင်တန်း အမှတ်စဉ် (၁/၂၀၁၇) သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ လမ်းညွှန်မှာကြား

       

နေပြည်တော် ၊ မေလ ၃ ရက်

           ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် ယနေ့နံနက် ၀၉:၃၀ အချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးရှိ သင်တန်းခန်းမ၌ ကျင်းပသည့် ဥပဒေအရာရှိအဆင့်-၄ (အစမ်းခန့်) များအတွက် လုပ်ငန်းဝင် သင်တန်းအမှတ်စဉ် (၁/၂၀၁၇) သင်တန်းဖွင့်ပွဲအခမ်းအနားသို့တက်ရောက်၍ အဖွင့်အမှာစကာပြောကြားခဲ့ပါသည်။

      ပြည်ထောင်စုရှေ့နေချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် သင်တန်းသား၊ သင်တန်းသူများသည် ပြည်ထောင်စုရှေ့နေချုပ်ရုံး လက်အောက်ရှိ အဆင့်ဆင့်သော ဥပဒေရုံးများတွင် တာဝန်ထမ်းဆောင်ကြမည့် အရာရှိများဖြစ်၍ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းနှင့် ကျင့်ဝတ်သိက္ခာတို့ကို နားလည်လိုက်နာရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုရှေ့နေချုပ်ဥပဒေနှင့် နည်းဥပဒေများနှင့်အညီ လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ရေးအတွက် ဘာသာရပ်ဆိုင်ရာများကို လေ့လာသင်ယူရမည်ဖြစ်ကြောင်း၊ ထို့ပြင် Legal English ၊ ကွန်ပျူတာဘာသာရပ်နှင့် ပညာရှင်များ၏ ဥပဒေရေးရာအတွေ့အကြုံများကိုလည်း လေ့လာသင်ယူကြရမည်ဖြစ်ကြောင်း၊ သင်တန်းတွင်ရရှိသော အသိပညာ၊ အတွေ့အကြုံများသည် လုပ်ငန်းတာဝန်များ ထမ်းဆောင်သည့်အခါတွင် များစွာအထောက်အကူရရှိမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ဆောင်ပုဒ်ဖြစ်သည့် “ဥပဒေပညာသည် အကျင့်သိက္ခာနှင့် ပြည့်စုံသောပညာဖြစ်သည်” (The legal profession is a noble profession.) နှင့်အညီ ဥပဒေအရာရှိများ၏ တာဝန်ထမ်းဆောင်မှုများသည် အကျင့်သိက္ခာနှင့် ပြည့်စုံသည့်ပညာ၊ အသက်မွေးမှု၊ တာဝန်ထမ်းဆောင်မှုများဖြစ်ရန် ယခုကတည်းက လေ့ကျင့်နေထိုင်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ဘက်မှ လိုက်ပါဆောင်ရွက်ကြမည့် ဥပဒေအရာရှိများ ဖြစ်သည်နှင့်အညီ နိုင်ငံနှင့် ပြည်သူအကျိုးအတွက် ကြိုးပမ်း တာဝန်ထမ်းဆောင် ကြရမည်ဖြစ်ကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။

  သင်တန်းဖွင့်ပွဲသို့ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာရှိကြီးများ၊ သင်တန်းဆရာ၊ ဆရာမများလည်း တက်ရောက်ခဲ့ကြပါသည်။ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၁၅၀) ဦး တက်ရောက်ပြီး သင်တန်းကာလမှာ ရက်သတ္တပတ် (၁၂) ပတ်ခန့် ကြာမြင့်မည် ဖြစ်ကြောင်း သိရှိရပါသည်။