

နေပြည်တော်၊ မတ် ၁၁
တရားဥပဒေစိုးမိုးရေးဌာနများနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ ဒုတိယအကြိမ် အစည်းအဝေးကို ယနေ့နံနက်(၀၉:၃၀) နာရီအချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး မြေညီထပ်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် တရားဥပဒေစိုးမိုးရေးဌာနများနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ ဥက္ကဌ၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက အမှာစကားပြောကြားရာတွင်တရားဥပဒေစိုးမိုးမှုရှိရန်နှင့် တရားစီရင်ရေးကဏ္ဍ တိုးတက်ကောင်းမွန်စေရန်အတွက် တရားရုံး၊ ဥပဒေရုံး၊ ရဲတပ်ဖွဲ့၊ ရှေ့နေရှေ့ရပ်များအပြင် လွှတ်တော်၊ အစိုးရဌာနအဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ပြည်သူများအားလုံးပါဝင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ မိမိတို့အဖွဲ့သည် သက်ဆိုင်ရာ အစိုးရဌာနများ၊ ပြည်တွင်း ပြည်ပအဖွဲ့အစည်းများကိုထိရောက်စွာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခြင်းဖြင့် တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ တိုးတက်ကောင်းမွန်လာစေရေးအတွက် အလေးထားဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ လုပ်ငန်းတာဝန်များအား ထိရောက်အောင်မြင်စွာဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးတစ်ခုစီ၌ လုပ်ငန်းအဖွဲ့ခွဲများကို ဖွဲ့စည်း၍ ဒေသအတွင်း တရားဥပဒေ စိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများတွင် အနီးကပ်ပေါင်းစပ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အတွင်းရေးမှူးလုပ်ငန်းများကို အထောက်အကူပြုနိုင်ရေးအတွက် အတွင်းရေးမှူး အဖွဲ့နှင့် ပြည်ပပညာရှင်များ ပါဝင်သည့် လုပ်ငန်းအကြံပေးအဖွဲ့တို့ကို ဖွဲ့စည်းတာဝန်ပေးမည် ဖြစ်ပါကြောင်း၊ ထို့အပြင် မိမိတို့အဖွဲ့က အကောင်အထည်ဖော်မည့် လုပ်ငန်းအစီအစဉ်များကို ချမှတ်ဆောင်ရွက်မည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားရာ တက်ရောက်လာကြသူများက အသီးသီးပါဝင်ဆွေးနွေး အကြံပြုခဲ့ကြပါသည်။
နောင်တွင်ကျင်းပမည့် အစည်းအဝေးများသို့ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှု ဆိုင်ရာလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျက်ရှိကြသော ပြည်တွင်းပြည်ပ အဖွဲ့အစည်းများကို ဖိတ်ကြား၍ ဆောင်ရွက်သင့်သည့်ကိစ္စများနှင့် ပေါင်းစပ်ဆောင်ရွက်ရမည့်ကိစ္စများကို ဆက်လက်ဆွေးနွေး သွားမည်ဖြစ်ပါသည်။ အဆိုပါအစည်းအဝေးသို့ တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှု ဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့မှ ဥက္ကဌ၊ ဒုတိယဥက္ကဌနှင့် အဖွဲ့ဝင်များ၊ UNDP နှင့် My Justice Team တို့မှ တာဝန်ရှိသူများ၊ အခြားဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။
(သတင်းစဉ်)
