ဒုတိယရှေ့နေချုပ်က EU ကုန်သည်ကြီးများအသင်းမှ အမှုဆောင်ဒါရိုက်တာ Mr. FilipLauwerysen အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ မတ် ၁

ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်သည် ဥရောပကုန်သည်ကြီးများအသင်းမှ အမှုဆောင်ဒါရိုက်တာ Mr. FilipLauwerysen အား ယနေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးရှိ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် ဒုတိယရှေ့နေချုပ်က မြန်မာနိုင်ငံ၏ ဥပဒေပြုရေးလုပ်ငန်းစဉ်နှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးအနေဖြင့် ဥပဒေပြုရေးအခန်းကဏ္ဍတွင် ပါဝင်ဆောင်ရွက်ရသည့် လုပ်ငန်းများကို ဦးစွာရှင်းလင်းပြောကြားပြီးနောက် Mr. FilipLauwerysen က ဥရောပမှ ကုန်သည်ကြီးများသည် မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားလျက်ရှိပြီး မြန်မာနိုင်ငံ၏ ဥပဒေမူဘောင်များကို လေ့လာလျက်ရှိပါကြောင်းနှင့် နိုင်ငံခြားသားများဆိုင်ရာ ဥပဒေမူကြမ်းနှင့်စပ်လျဉ်း၍ မိမိတို့၏ အကြံပြုချက်များကို တင်ပြလိုပါကြောင်း ဆွေးနွေးပါသည်။ ထို့နောက် ဒုတိယရှေ့နေချုပ်က နိုင်ငံခြားသားများဆိုင်ရာ ဥပဒေမူကြမ်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရှေ့နေချုပ်ရုံးက စိစစ်အကြံပြုခဲ့သည့် လုပ်ငန်းအခြေအနေများ၊ အဆိုပါဥပဒေမူကြမ်းအပေါ် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ စိစစ်အကြံပြုရာတွင် ဥရောပကုန်သည်ကြီးများအသင်း၏ အဆိုပြုတင်ပြချက်များကို ထည့်သွင်းစဉ်းစားနိုင်ရေးအတွက် လိုအပ်သလို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပါသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းဆွေနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဆွေဆွေအောင်တို့လည်း တက်ရောက်ခဲ့ကြပါသည်။

(သတင်းစဉ်)