ပြည်ထောင်စုရှေ့နေချုပ်က ဥပဒေအရာရှိ မွမ်းမံသင်တန်းအမှတ်စဉ် (၂၈) ဖွင့်ပွဲအခမ်းအနား တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၈

          ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် ပြည်ထောင်စုရှေ့နေချုပ်ရုံး၌ ဖွင့်လှစ်ကျင်းပသည့် ဥပဒေအရာရှိများ မွမ်းမံသင်တန်းအမှတ်စဉ် (၂၈) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အမှာစကားပြောကြားခဲ့ပါသည်။

          ပြည်ထောင်စုရှေ့နေချုပ်က အမှာစကားပြောကြားရာတွင် ယခုသင်တန်းသည် ၂၀၁၇ ခုနှစ်အတွင်း ဒုတိယအကြိမ်ဖွင့်လှစ်သော သင်တန်းဖြစ်ပါကြောင်း၊ ပထမအကြိမ်သင်တန်းမှာအလယ် အလတ်အဆင့် ဥပဒေအရာရှိများမွမ်းမံသင်တန်းအမှတ်စဉ် ၁/၂၀၁၇ ဖြစ်ပါကြောင်း၊ ယခုသင်တန်းသည် ရုံးချုပ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ မြို့နယ်ဥပဒေအရာရှိများနှင့် ဦးစီးအရာရှိများအတွက် မွမ်းမံသင်တန်းဖြစ်ပါကြောင်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးတွင် သင်တန်းခန်းမဆောက်လုပ်ပြီးဖြစ်၍ ဥပဒေအရာရှိများ၏ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားစေရေးအတွက် သင်တန်းများကိုစဉ်ဆက်မပြတ် ပို့ချပေးမည် ဖြစ်ပါကြောင်း၊ သင်တန်းတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများ၊ ပြင်ပပညာရှင်များ၊ ပြည်ပအဖွဲ့အစည်းများဖြစ်သော UNDP ၊ JICA နှင့် Denmark (ICJ) တို့မှ ပညာရှင်များကတရားစွဲနှင့် အမှုလိုက်ဆိုင်ရာလုပ်ငန်းများ၊ ဝန်ထမ်းရေးရာနှင့် ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းများ၊ ဥပဒေအရာရှိကျင့်ဝတ်နှင့် Case Management စသည့် ဥပဒေရေးရာလုပ်ငန်းများကို ပို့ချဆွေးနွေးကြမည်ဖြစ်ပါကြောင်း၊ သင်တန်းကာလအတွင်း လေ့လာဆည်းပူးခဲ့သောပညာရပ်များ၊ အတွေ့အကြုံများကိုအခြေခံ၍ မိမိတို့၏ လုပ်ငန်းများကိုပြဋ္ဌာန်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ကျေပွန်စွာဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း၊ အစိုးရအဖွဲ့ စတင်တာဝန်ယူစဉ်ကပင် မိမိအနေဖြင့် ဥပဒေရုံးများ၏ အခန်းကဏ္ဍ၊ လုပ်ငန်းအရည်အသွေးနှင့် လုပ်ငန်းစွမ်းဆောင်ရည် များတိုးတက်လာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားထားပြီးဖြစ်ပါကြောင်း၊ တရားစီရင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရားရုံးများနှင့်အတူ ဥပဒေရုံးများနှင့် တရားစွဲအဖွဲ့အစည်းများသည်လည်း တာဝန်ရှိပါကြောင်း၊ အမှုများ မကြန့်ကြာစေရန်နှင့် အဂတိတရားကင်းရှင်းစွာဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ ယခုကာလတွင် ဝန်ထမ်းအိမ်ယာများရရှိရန်နှင့် ဝန်ထမ်းများ၏ လူမှုဘဝအခက်အခဲများ အဆင်ပြေစေရန်  ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သို့ဖြစ်၍ နိုင်ငံတော်နှင့် ပြည်သူအကျိုးအတွက် ဝန်ထမ်းကောင်းပီသစွာပြုမူနေထိုင်၍ လုပ်ငန်းတာဝန်များကို ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း မှာကြားခဲ့ပါသည်။

     သင်တန်းသို့  ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ   ညွှန်ကြားရေးမှူးချုပ်များ၊  ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် သင်တန်းသား၊ သင်တန်းသူ ၄၀ ဦးတို့ တက်ရောက်ခဲ့ကြပါသည်။ သင်တန်းကာလမှာ ရက်ပေါင်း ၃၀ ကြာမြင့်မည်ဖြစ်ကြောင်း သိရှိရပါသည်။