

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၄
ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် European Court of Auditors မှ Ms. Mila Strahilova ဦးဆောင်သောအဖွဲ့အား ယနေ့ နံနက် ၁၁:၀၀ နာရီ အချိန်တွင်ပြည်ထောင်စုရှေ့နေချုပ်ရုံးရှိ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုရှေ့နေချုပ်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်ရေး၊ ဥပဒေရေးရာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး စသည့် ဦးစားပေးဆောင်ရွက်နေသည့် လုပ်ငန်းများကို ရှင်းလင်းပြောကြားပြီးနောက် EU ၏ အထောက်အပံ့ပေးရေးဆိုင်ရာ အစီအစဉ်အရ မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသည့် My Justice Program အပါအဝင် အခြားလုပ်ငန်းစီမံချက်များသည် မြန်မာနိုင်ငံ၏ ဦးစားပေး အစီအစဉ်များနှင့်ကိုက်ညီရေး၊ EU ၏ အထောက်အပံ့များကို ထိရောက်စွာ အသုံးပြုနိုင်ရေး၊ လုပ်ငန်းစီမံချက်များ အကောင်အထည်ဖော်ရာတွင် ကြုံတွေ့ရသည့် အားနည်းချက်၊ အားသာချက်များနှင့် ပိုမိုကောင်းမွန်မည့်လုပ်ငန်းစဉ်များကို ချမှတ်နိုင်ရေးတို့ကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ အမြဲတန်းအတွင်းဝန် ဒေါ်နုနုယဉ် နှင့်ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာဦးတို့လည်း တက်ရောက်ခဲ့ကြပါသည်။
