

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၂
တရားဥပဒေစိုးမိုးရေးဌာနများနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ ပထမအကြိမ် အစည်းအဝေးကို ယနေ့နံနက်(၁၀:ဝဝ) နာရီအချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး မြေညီထပ်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် တရားဥပဒေစိုးမိုးရေးဌာနများနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ ဥက္ကဌ၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက အမှာစကားပြောကြားရာ၌ နိုင်ငံတော်အစိုးရ၏ ရည်မှန်းချက်တစ်ရပ်မှာ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုကဏ္ဍ တိုးတက်ရေး ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့် ယခင် ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ်က တရားဥပဒေစိုးမိုးရေးဌာနများ ဖြစ်ထွန်းပေါ်ပေါက်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ပါကြောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ကတရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ကို ၉-၂-၂၀၁၇ ရက်နေ့တွင် ဖွဲ့စည်းပေးခဲ့ပါကြောင်း၊ မိမိတို့အဖွဲ့တွင် လွှတ်တော်ကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲချုပ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ဥပဒေပါမောက္ခ၊ လူမှုအဖွဲ့အစည်းဝင်များနှင့် တရားလွှတ်တော်ရှေ့နေများ ပါဝင်သဖြင့် တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတရေးကဏ္ဍအတွက် အဓိကကျသော ဌာန၊ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်များ ပါဝင်ပါကြောင်း၊ မိမိတို့အဖွဲ့သည် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းအသီးသီးက အကောင်အထည်ဖော်ဆောင်ရွက်နေသော တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများကို ပေါင်းစပ်ညှိနှိုင်းပေးရန်၊ ယင်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အစိုးရဌာနအဖွဲ့အစည်းများအနေနှင့် တတ်နိုင်သမျှကူညီဆောင်ရွက်ပေးရန်၊ဆောင်ရွက်သင့်သော်လည်း မဆောင်ရွက်နိုင်သေးသည့်လုပ်ငန်းများကို ပေါင်းစပ်ဆောင်ရွက်ပေးရန်၊ အဖွဲ့အစည်းများက တင်ပြလာသည့်ဆောင်ရွက်ပေးသင့်သော ကိစ္စရပ်များ၊ ဖြေလျော့ပေးသင့်သော ကိစ္စရပ်များနှင့်ပြုပြင်သင့်သော ကိစ္စရပ်များရှိပါက အစိုးရဌာန အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရန် ဖြစ်ပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် သက်ဆိုင်သည့် အဖွဲ့အစည်းများကို ဖိတ်ခေါ်ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ တိုးတက်မှုရှိရေးအတွက် ရလဒ်ကောင်းများ ရရှိအောင်ကြိုးစားဆောင်ရွက် သွားကြရန် ဖြစ်ပါကြောင်း ဆွေးနွေးမှာကြားခဲ့ပါသည်။
အစည်းအဝေး တက်ရောက်ကြသူများက မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းများတွင် ဆောင်ရွက်သင့်သောကိစ္စရပ်များ၊ အစိုးရဌာနများနှင့် ပြည်တွင်းပြည်ပအဖွဲ့အစည်းများအကြား ပိုမိုပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များ၊ လုပ်ငန်းများ အောင်မြင်ရေးအတွက် ဆက်လက်ဆောင်ရွက်သင့်သည့် ကိစ္စရပ်များကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါ အစည်းအဝေးသို့ တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှု ဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့မှ ဥက္ကဌ၊ ဒုတိယဥက္ကဌနှင့် အဖွဲ့ဝင်များ၊ UNDP နှင့် My Justice Team တို့မှ တာဝန်ရှိသူများ၊ အခြားဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။
