
နေပြည်တော်၊ ဖေဖော်ဝါရီ ၇
ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်သည် ဒိန်းမတ်နိုင်ငံသံအမတ်ကြီး H.E Mr. Peter Lysholt Hansen ဦးဆောင်သောအဖွဲ့အား ယနေ့ နံနက် ၀၈:၃၀ နာရီအချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးရှိ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ဒိန်းမတ်နိုင်ငံ သံရုံးတို့အကြား ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလအတွင်း လက်မှတ်ရေးထိုးခဲ့သည့် နားလည်မှုစာချွန်လွှာအရ တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မည့် ဦးစားပေးအစီအစဉ်များညှိနှိုင်းရေး၊ အဆိုပါလုပ်ငန်းများအတွက် နည်းပညာဆိုင်ရာ အထောက်အကူပြုမည့် နိုင်ငံတကာဥပဒေပညာရှင်များအဖွဲ့မှ ပညာရှင်အဖွဲ့နှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ သတ်မှတ်ရေး၊ မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများတွင် ပိုမိုပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ နိုင်ငံခြားသားများဆိုင်ရာဥပဒေမူကြမ်းအပေါ် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ စိစစ်အကြံပြုရာတွင် မြန်မာနိုင်ငံသို့ လာရောက်မည့် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများနှင့် စပ်လျဉ်း၍ ထည့်သွင်းစဉ်းစားနိုင်ရေး စသည့်ကိစ္စရပ်များကို ရင်းနှီးစွာဆွေးနွေးခဲ့ကြပါသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ အမြဲတန်းအတွင်းဝန် ဒေါ်နုနုယဉ်နှင့် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာဦးတို့လည်း တက်ရောက်ခဲ့ကြပါသည်။
(သတင်းစဉ်)
