ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ အလယ်အလတ်အဆင့် ဥပဒေအရာရှိများ မွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၁၇) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်

နေပြည်တော် ဖေဖော်ဝါရီ   ၂ ရက်

    ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် ယနေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး သင်တန်းခန်းမ၌ ကျင်းပပြုလုပ်သော အလယ် အလတ်အဆင့် ဥပဒေအရာရှိများ မွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၁၇) သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်၍ သင်တန်းဆင်း အမှာစကားပြောကြားခဲ့ပါသည်။

         ထိုသို့ အမှာစကားပြောကြားရာတွင် ယခု မွမ်းမံသင်တန်းတွင် တက်ရောက်ခဲ့သည့် ဥပဒေအရာရှိများသည် အဆင့် – ၁ ၊ အဆင့် – ၂ အဆင့်များဖြစ်ပြီး အလယ်အလတ် အဆင့် ဥပဒေအရာရှိများဖြစ်၍ ထမ်းဆောင်ရမည့် တာဝန်များသည် တာဝန်ကြီးသည့် အလျောက် အရာရှိများ၏ ဆောင်ရွက်ချက်များသည် ဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်ပြီး မှန်မှန်ကန်ကန် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ယခုသင်တန်းတွင် ဥပဒေကြမ်းများရေးဆွဲစိစစ်ခြင်း၊ စာချုပ်စာတမ်းများအပေါ် အကြံပေးခြင်း၊ အမှုလိုက်လုပ်ငန်းများတွင်လည်း မူလမှု၊ အယူခံမှု၊ ပြင်ဆင်မှု၊ အထွေထွေလျောက်ထားမှုစသည့် တင်သွင်းရသည့် လျှောက်လွှာရေးသားနည်းများ၊ တရား မစွဲမီ ဥပဒေအကြံဉာဏ်ပေးခြင်း နှင့်စပ်လျဉ်းသည့် ညွှန်ကြားချက်များ၊  တရားမမှုများစပ်လျဉ်းသည့် နို့တစ်စာ၊ ဆိုလွှာ၊ ချေလွှာ၊ သမ္မာန်စာချအပ်ခြင်း အဆင့်ဆင့်တို့ကို အရာရှိများမှာလည်းကောင်း၊ ပြင်ပ ပညာရှင်များမှ လည်းကောင်း ဆွေးနွေးပို့ချ စာတမ်းများရေးသားခြင်းများ ပြုလုပ်နိုင်ခဲ့ကြောင်း၊ ရက်သတ္တ(၃)ပတ်သာဖြစ်သော်လည်း သင်တန်းသားများအတွက် ထိထိရောက်ရောက် အကျိုးရှိခဲ့သဖြင့် သင်တန်းသားအရာရှိများအတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ပြောကြားပါသည်။

      ထို့နောက် ပြည်ထောင်စုရှေ့နေချုပ်သည် သင်တန်းတွင် ဆုရရှိသူများအား ဆုများ အသီးသီးချီးမြှင့်ခဲ့ပါသည်။

         အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားသို့ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ အမြဲတမ်းအတွင်းဝန် ဒေါ်နုနုယဉ်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များညွှန်ကြားရေးမှူးများနှင့် သင်တန်းဆရာ၊ ဆရာမများ၊ သင်တန်းသား သင်တန်း သူများ စုံညီစွာ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။