နေပြည်တော်၊ ဇူလိုင် ၅

ယနေ့ နံနက် ၁၀:၃၀ နာရီ အချိန်၌ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများဖြစ်ကြသော UNODC , UNICEF, UNFPA တို့ ပူးပေါင်းကျင်းပပြုလုပ်သည့် “Effective Prosecution Responses to Cases of Violence Against Women and Children Needs Assessment Workshop” အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော် ဟိုတယ်ဇုန်ရှိ မင်္ဂလာသီရိဟိုတယ်တွင် ကျင်းပပြု လုပ်ရာ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက တက်ရောက် အဖွင့်အမှာစကား ပြောကြားပါသည်။
ယနေ့ Workshop မှာ ပြည်ထောင်စုရှေ့နေချုပ်ရုံးနဲ့ UNODC, UNICEF, UNFPA တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး အမျိုးသမီးနဲ့ ကလေးသူငယ်တွေအပေါ် အကြမ်း ဖက်မှုများပါဝင်တဲ့ မှုခင်းတွေမှာ ထိရောက်တဲ့ တရားစွဲဆိုဆောင်ရွက်မှု ဖြစ်စေဖို့အတွက် လိုအပ်ချက်တွေကို လေ့လာသုံးသပ်တဲ့ Needs Assessment Workshop ဖြစ်ပါကြောင်း၊ ဥပဒေအရာရှိတွေဟာ ပြစ်မှုဆိုင်ရာ လုပ်ငန်းတွေမှာ နိုင်ငံတော်ကိုယ်စား အမှုလိုက်ပါ ဆောင်ရွက်ရတဲ့သူများဖြစ်ပါကြောင်း၊ ဥပဒေအရာရှိတွေရဲ့ လုပ်ငန်းစွမ်းရည် ကောင်းမွန်မှု၊ သမာသမတ်ရှိမှု၊ ဥပဒေအရာရှိ ကျင့်ဝတ်နဲ့အညီ လိုက်နာနေထိုင်နိုင်မှုများဟာ နိုင်ငံတော်နဲ့ အများပြည်သူအကျိုးကို ဖော်ဆောင်ရာမှာလည်းကောင်း၊ တရားမျှတမှုနဲ့ တရားဥပဒေစိုးမိုး ရေး တိုးတက်ကောင်းမွန်ဖို့ ဆောင်ရွက်ရာမှာလည်းကောင်း များစွာအရေးကြီးပါကြောင်း၊ ယနေ့မျက်မှောက်မှာ ကလေးသူငယ်များနဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်သည့် မှုခင်း များ ပိုမိုဖြစ်ပွားလာပါကြောင်း၊ ဒီအကြမ်းဖက်တဲ့ မှုခင်းများနှင် စပ်လျဉ်းပြီး ဥပဒေမူဘောင် ပိုင်းအရ ပြည့်စုံကောင်းမွန်ဖို့ လိုသလို အရေးယူအပြစ်ပေးရာမှာလည်း ထိရောက်ဖို့ လိုအပ်ပါ ကြောင်း၊ မြန်မာနိုင်ငံဟာ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကွန်ဗင်းရှင်း (CRC) အဖွဲ့ဝင်နိုင်ငံ ဖြစ်သကဲ့သို့ အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက် ရေးသဘောတူစာချုပ် (CEDAW) ကို အတည်ပြု လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံဖြစ်ပါ ကြောင်း၊ ကလေးသူငယ်နဲ့ အမျိုးသမီးများအား ကာကွယ်စောင့်ရှောက်ခြင်းနဲ့ ပတ်သက်လို့ ပိုမိုပြည့်စုံကောင်းမွန်ပြီး နိုင်ငံတကာစံနှုန်းတွေနဲ့ ညီညွတ်တဲ့ ဥပဒေတွေ ပေါ်ထွက်လာဖို့ ပြည်ထောင်စုရှေ့နေချုပ်ရုံးက ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အသစ် ပြဌာန်းမယ့် ဥပဒများအရ ကလေးသူငယ်နဲ့ အမျိုးသမီးတွေအပေါ်မှာ ယခင်ထက် ပိုမိုထိရောက်တဲ့ အခွင့်အရေးတွေ၊ အကာအကွယ်ပေးမှုတွေ ပြုလုပ်ပေးနိုင်မှာ ဖြစ်ပါကြောင်း၊ ဥပဒေ အရာရှိတွေဟာ ကလေးသူငယ်များနဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု မှုခင်းများနှင့် စပ်လျဉ်းပြီး ထိထိရောက်ရောက် အမှုလိုက်ပါ ဆောင်ရွက်ကြရန် ပြောကြားပါသည်။ ဆက်လက်၍ UNODC Myanmar ရုံးမှ Officer in Charge ဖြစ်သူ Mrs. Marie Cauchois က မိမိတို့အဖွဲ့အစည်းအနေဖြင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ပူးပေါင်းဆောင် ရွက်လျှက်ရှိပါကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲမှ ရလဒ်များအပေါ် အခြေခံ၍ ပြည်သူ့အကျိုးပြု လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့ပါ သည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုရှေ့နေချုပ်နှင့်အတူ ဒုတိယရှေ့နေချုပ် UNODC၊ UNFPA နှင့် UNICEF တို့မှ တာဝန်ရှိသူများ၊ ညွှန်ကြားရေးမှူးချုပ်များ ညွှန်ကြားရေးမှူးများ၊ သင်တန်းသား/ သင်တန်းသူ (၄၀)ဦးနှင့် ဖိတ်ကြားထားသူများ တက် ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
