ပြည်ထောင်စုရှေ့နေချုပ်သည် UK အစိုးရ၏ နည်းပညာဆိုင်ရာ အကူအညီပေးရေးအစီအစဉ်ကို အကောင်အထည်ဖော်နေသော PWC Consortium မှ အဖွဲ့ခေါင်းဆောင် Mr. Subhrendu Chatterji ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဇန်နဝါရီ ၁၅

ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး သည် UK အစိုးရ၏ နည်းပညာဆိုင်ရာ အကူအညီပေးရေးအစီအစဉ်ကို အကောင်အထည်ဖော်နေသော PWC Consortium မှ အဖွဲ့ခေါင်းဆောင် Mr. Subhrendu Chatterji ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက် ၁၀:၀၀ နာရီအချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

          ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုရှေ့နေချုပ်က ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကဏ္ဍတို့တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးက ပါဝင်ဆောင်ရွက်ရသည့် လုပ်ငန်းများ၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကြိုးပမ်းဆောင်ရွက်မှုများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ငွေကြေးကဏ္ဍဆိုင်ရာ ဥပဒေမူဘောင်များ တိုးတက်ကောင်းမွန်ရေးအတွက် ဆောင်ရွက်မှုများ၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်မှုများကို ဆွေးနွေးပြောကြားပြီး PWC Consortium မှ အဖွဲ့ခေါင်းဆောင်က မြန်မာနိုင်ငံနှင့် စီးပွားရေးဆက်သွယ်ဆောင်ရွက်မှု တိုးတက်ကောင်းမွန်ရေးနှင့် ငွေကြေး စျေးကွက် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပံ့ပိုးလျက်ရှိသည့်  နည်းပညာအကူအညီများ၊ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှ ၆ နိုင်ငံအတွက် ဆောင်ရွက်မည့် ငွေကြေး စျေးကွက်နှင့် အသိဉာဏ်ပစ္စည်းဆိုင်ရာလုပ်ငန်းစီမံကိန်းတို့ကို ရှင်းလင်းဆွေးနွေးပါသည်။ ထို့နောက်ငွေကြေးစျေးကွက်နှင့် အသိဉာဏ်ပစ္စည်းဆိုင်ရာ ဥပဒေများ ပြည့်စုံကောင်းမွန်ရေး အတွက် သင်တန်းများနှင့် ဆွေးနွေးပွဲများ စီစဉ်ဆောင်ရွက်ရေးအပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

          အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ ညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဒေါ်ခင်ချိုအုန်းနှင့် ဒေါက်တာသီတာဦး တို့  တက်ရောက်ခဲ့ပါသည်။

                                                                                                (သတင်းစဉ်)