နေပြည်တော်၊ မတ် ၁၃

ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် ကိုရီးယားနိုင်ငံ Institute of Justice မှ Deputy President Mrs. Lee Young Joo နှင့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့ နံနက် ၁၀:၀၀ နာရီ အချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ဒီမိုကရေစီစနစ် ထွန်းကားရေးနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုတို့ကို အထောက်အကူ ဖြစ်စေမည့် ဥပဒေမူဘောင်များ ပြဋ္ဌာန်းဆောင်ရွက်ရာတွင် အတွေ့အကြုံများ ဖလှယ်ရေး၊ ကိုရီးယားနိုင်ငံ ဥပဒေပြုရေးဝန်ကြီးဌာန၊ KOICA နှင့် ပြည်ထောင်စု ရှေ့နေချုပ်ရုံးတို့ ပူးပေါင်းတည်ထောင်ထားသည့် မြန်မာဥပဒေသတင်း အချက်အလက်စနစ်ဖြင့် ဥပဒေအသိပညာ ပြန့်ပွားရေးလုပ်ငန်း ဆောင်ရွက်မှု အခြေအနေ၊ နည်းပညာ အသုံးပြု၍ ကျူးလွန်သည့် မှုခင်းများကို အရေးယူဆောင်ရွက်ရာတွင် ဥပဒေအရာရှိများ၏ လုပ်ငန်းကျွမ်း ကျင်မှု မြင့်မားရေးအတွက် ဖွင့်လှစ်ပို့ချမည့် သင်တန်းအစီအစဉ်များ၊ နှစ်နိုင်ငံအကြား ဥပဒေ ဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးနှင့် အများပြည်သူအား ဥပဒေနှင့် အညီ ကာကွယ်စောင့်ရှောက် ပေးရေးဆိုင်ရာ ကိစ္စရပ်တို့ကို ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ အမြဲတမ်းအတွင်းဝန် ဒေါ်နုနုယဉ်၊ ညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဒေါ်ခင်ချိုအုန်းနှင့် ဒေါက်တာသီတာဦးတို့ တက်ရောက် ခဲ့ကြပါသည်။
(သတင်းစဉ်)
