တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ လုပ်ငန်းစီမံချက် နှင့်စပ်လျဉ်းသည့် ပဉ္စမအကြိမ် ဦးဆောင်ကော်မတီ အစည်းအဝေးကျင်းပ

နေပြည်တော်၊   ဇွန်  ၁၉

          ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးနှင့် ဒိန်းမတ်နိုင်ငံသံရုံး ယာယီတာဝန်ခံ Ms.Dorte Chortsen တို့ ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်သော တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေး ဆိုင်ရာ လုပ်ငန်းစီမံချက် နှင့်စပ်လျဉ်းသည့် ပဉ္စမအကြိမ် ဦးဆောင်ကော်မတီ အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁၄:၀၀ နာရီ အချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ခဲ့ပါသည်။

          အစည်းအဝေးတွင် ပြည်ထောင်စုရှေ့နေချုပ်က အမှာစကားပြောကြားရာ၌ ပြည်ထောင်စု ရှေ့နေချုပ်ရုံးနှင့် ဒိန်းမတ်နိုင်ငံ သံရုံးတို့အကြား လက်မှတ်ရေးထိုးထားသည့် နားလည်မှုစာချွန် လွှာအရ တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေးဆိုင်ရာလုပ်ငန်းများကို ၂၀၁၇ ခုနှစ် မှစ၍ ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း၊  ဥပဒေရေးဆွဲခြင်း၊ ဥပဒေအရာရှိကျင့်ဝတ်၊ တရားမျှတမှုဆိုင်ရာ စံနှုန်းများနှင့် သုတေသနလုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ အပါအဝင် လူ့အခွင့်အရေး ဆိုင်ရာ ကွန်ဗင်းရှင်းများ အကောင်အထည်ဖော်ရေးနှင့် စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲများကို ကျင်းပနိုင်ခဲ့ပါကြောင်း၊ ယခုနှစ်အတွင်း ကယားပြည်နယ်နှင့် ကချင်ပြည်နယ် ဥပဒေချုပ်ရုံးများ၌ လူ့အခွင့်အရေး ကွန်ဗင်းရှင်းများနှင့် ဥပဒေအရာရှိ ကျင့်ဝတ်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ပါ ကြောင်း၊ တရားဥပဒေ စိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းများပေါင်းစပ် ညှိနှိုင်းရေး အဖွဲ့၏ “ပြည်သူ့အတွက် တရားမျှတမှု” မဟာဗျူဟာစီမံကိန်း (၂၀၁၉-၂၀၂၃)ကို ချမှတ်၍ တရားမျှတမှုကို အားလုံးလက်လှမ်းမီရေးအတွက် ပါဝင်ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ အဆိုပါ မဟာဗျူဟာစီမံကိန်း လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် ဒိန်းမတ်နိုင်ငံသံရုံးနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။ အစည်းအဝေးတွင် တက်ရောက်လာကြ သူများက ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ဆွေးနွေးခဲ့ ကြပါသည်။

          အဆိုပါ အစည်းအဝေးသို့  ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ဒိန်းမတ်နိုင်ငံသံရုံးနှင့် အပြည်ပြည် ဆိုင်ရာ ဥပဒေပညာရှင်များကော်မရှင်(ICJ) တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

                                                                                                   (သတင်းစဉ်)