နေပြည်တော်၊ သြဂုတ် ၂၁

တရားလွှတ်တော်ရှေ့နေများကောင်စီ အစည်းအဝေး အမှတ်စဉ်(၃/၂၀၁၉)ကို ယနေ့ နံနက် ၁၀:၀၀ နာရီ အချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ ပါသည်။
အစည်းအဝေးတွင် တရားလွှတ်တော်ရှေ့နေများကောင်စီ ဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက အမှာစကားပြောကြားရာ၌ တရားလွှတ်တော်ရှေ့နေများကောင်စီ အက်ဥပဒေ ကို ပြင်ဆင်သည့် ဥပဒေအား ယခုနှစ် ဇွန်လတွင် ပြဋ္ဌာန်းခဲ့ပါကြောင်း၊ ယင်းဥပဒေအရ တရား လွှတ်တော်ရှေ့နေများကောင်စီကို တရားလွှတ်တော်ရှေ့နေများက သတ်မှတ်ချက်နှင့်အညီ ရွေးကောက်တင်မြှောက်သည့် တရားလွှတ်တော်ရှေ့နေလုပ်သက် ၁၅ နှစ်ရှိ တရားလွှတ်တော် ရှေ့နေ ၁၁ ဦး အပါအဝင် အဖွဲ့ဝင် ၁၅ ဖြင့် ပြင်ဆင်ဖွဲ့စည်းရမည်ဖြစ်ပါကြောင်း၊ တရားလွှတ် တော်ရှေ့နေများကောင်စီတွင် ပါဝင်မည့် တရားလွှတ်တော်ရှေ့နေ ၁၁ ဦးကို ရွေးကောက် တင်မြှောက်နိုင်ရန် ရွေးကောက်ပွဲကျင်းပခြင်းနှင့် စပ်လျဉ်းသည့် နည်းဥပဒေများကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ထုတ်ပြန်ရမည်ဖြစ်ပါကြောင်း၊ ယခုအခါ ပြည်ထောင်စုတရားလွှတ် တော်ချုပ်က တရားလွှတ်တော်ရှေ့နေများကောင်စီ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေ မူကြမ်းအပေါ် တရားလွှတ်တော်ရှေ့နေများကောင်စီ၏ အကြံပြုချက်များ ရရှိနိုင်ရေး အတွက် ပေးပို့လာပါကြောင်း၊ မိမိတို့လုပ်ငန်းအဖွဲ့မှလည်း ပြည်ထောင်စုတရားလွှတ်တော်ချုပ် ၏ မူကြမ်းအပေါ် ရန်ကုန်နှင့် မန္တလေးတို့မှ ကောင်စီဝင်များ၏ အကြံပြုချက်များနှင့်အညီ ပြင်ဆင်/ဖြည့်စွက် အကြံပြုချက်များ ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုအစည်းအဝေးတွင် အဆိုပါ နည်းဥပဒေ မူကြမ်းအပေါ် ဝိုင်းဝန်းဆွေးနွေး အကြံပြုကြရန်ဖြစ်ပါကြောင်း၊ တရားလွှတ်တော် ရှေ့ နေများကောင်စီသည် တရားလွှတ်တော်ရှေ့နေများ၏ ဝင်ခွင့်လျှောက်ထားမှုများကို စိစစ် ထောက်ခံခြင်းနှင့် တရားလွှတ်တော်ရှေ့နေများ၏ ကျင့်ဝတ်သိက္ခာ၊ တာဝန်၊ အခွင့်အရေးများ နှင့်စပ်လျဉ်း၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ သဘောထားပေးခြင်းတို့ကို ဆောင်ရွက် လျက်ရှိပါကြောင်း၊ ပြည်သူ့လွှတ်တော် တိုင်ကြားစာနှင့် အသနားခံစာဆိုင်ရာ ကော်မတီမှ လွှဲပြောင်းပေးပို့သော ရှေ့နေများအပေါ် တိုင်ကြားစာ ၃ စောင်နှင့် တရားလွှတ်တော်ရှေ့နေများ ကောင်စီသို့ တင်ပြလာသည့်တိုင်ကြားစာများကို စိစစ်၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ထံ တင်ပြခဲ့ပါကြောင်း၊ ထို့ပြင် တရားလွှတ်တော်ရှေ့နေ မှတ်ပုံတင်ကတ်ပြားများကို Smart Card ဖြင့် စတင်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တရားလွှတ်တော်ရှေ့နေများကောင်စီ၏ လုပ်ငန်း များ တိုးတက်ကောင်းမွန်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားခဲ့ပါသည်။
အစည်းအဝေးသို့ တရားလွှတ်တော်ရှေ့နေများကောင်စီ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင် စုစုပေါင်း(၁၀)ဦး တက်ရောက်ခဲ့ကြပါသည်။
(သတင်းစဉ်)
