နေပြည်တော်၊ ဩဂုတ် ၂၈

ပြည်ထောင်စုရှေ့နေချုပ် ဥက္ကဌ အဖြစ်ပါဝင်သော ဥပဒေဘာသာပြန် ကော်မရှင်၏ ပဉ္စမ အကြိမ် အစည်းအဝေးကို ယနေ့ နံနက် ၁၀:၀၀ နာရီ အချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။
ဥပဒေဘာသာပြန် ကော်မရှင်ဥက္ကဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ပြောကြားရာတွင် ကော်မရှင်၏ ပထမအကြိမ် အစည်းအဝေးကို ၃၀–၃–၂၀၁၇ ရက်နေ့တွင် ကျင်းပ ခဲ့ပြီး ဒုတိယအကြိမ် အစည်းအဝေးကို ၂၇–၁၁–၂၀၁၇ ရက်နေ့မှ ၃၀-၁၁-၂၀၁၇ ရက်နေ့ထိ ကျင်းပခဲ့ ကြောင်း၊ အဲ့ဒီနောက် ၂၇-၆-၂၀၁၈ ရက်နေ့မှာ အမိန့်အမှတ်၊ ၁/၂၀၁၈ ထုတ်ပြန်ခဲ့ပြီး ဥပဒေ ၉ ခု၏ ဘာသာပြန်ဆိုချက်ကို ထုတ်ပြန်နိုင်ခဲ့ပါကြောင်း၊ တတိယအကြိမ် အစည်းအဝေးကို ၅-၁၁-၂၀၁၈ ရက်နေ့မှ ၆-၁၁-၂၀၁၈ ရက်နေ့ထိ ကျင်းပခဲ့ကြောင်း၊ ယင်းအစည်းအဝေးတွင် ဥပဒေ ၆ ခု ဆွေးနွေး နိုင်ခဲ့ပြီး အမိန့်အမှတ်၊ ၉/၂၀၁၉ ထုတ်ပြန်ပြီး ယင်း ဥပဒေ ၆ ခုရဲ့ ဘာသာပြန်ဆိုချက်ကို ထုတ်ပြန် နိုင်ခဲ့ပါကြောင်း၊ စတုတ္ထအကြိမ် အစည်းအဝေး ကို ၂၈-၃-၂၀၁၉ မှ ၂၉-၃-၂၀၁၉ ရက်နေ့ထိ ကျင်းပ ခဲ့ကြောင်း၊ ယင်းအစည်းအဝေးတွင် ဥပဒေ(၅)ခု ဆွေးနွေးခဲ့ပြီး မကြာမီ စာအုပ်အဖြစ် ထုတ်ဝေနိုင် တော့မည်ဖြစ်ပါကြောင်း၊ ဘာသာပြန်လုပ်ငန်း မှာ လွယ်ကူသည့် လုပ်ငန်းမဟုတ်ပါကြောင်း၊ ဥပဒေ ဘာသာပြန် ကော်မရှင်အဖွဲ့ဝင်များနှင့် လုပ်ငန်းကော်မတီ အဖွဲ့ဝင်များအားလုံး ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ကြသဖြင့် ဘာသာပြန် အမှားအယွင်းမရှိအောင် အကြိမ်ကြိမ်ဆွေးနွေး စိစစ်မှုများ ပြုလုပ်ကြသဖြင့် လုပ်ငန်းများ ထိုက်သင့်သလောက် ပြီးစီးအောင်မြင်ရခြင်း ဖြစ်ပါကြောင်း၊ ဘာသာ ပြန်ဥပဒေစာအုပ် အမှတ် ၁ နှင့် ၂ တို့ ထုတ်ပြန်ပြီး ယခုအခါ အမှတ် ၃ နှင့် ၄ တို့ ဖြန့်ဝေနိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြီးခဲ့သည့် စတုတ္ထအကြိမ် အစည်းအဝေးတွင် ဆွေးနွေးခဲ့သည့် ဥပဒေ(၅)ခု၏ ဘာသာပြန်ဆိုချက်များကို ထုတ်ဝေနိုင်ရန် ပြန်ကြားရေးဝန်ကြီးဌာနသို့ အပ်နှံထား ပြီးဖြစ်ပါကြောင်း၊ လက်ရှိ ဘာသာပြန်ဆို ဆောင်ရွက်နေဆဲ ဥပဒေ(၁၃)ခု ရှိပါကြောင်း၊ ၎င်းဥပဒေများ ပြီးစီးပါက ဘာသာပြန်ဆိုရန် ဥပဒေ(၄၃)ခုသာ ကျန်ရှိမည်ဖြစ်ပါကြောင်း၊ ကော်မရှင်အနေဖြင့် ကျန်ရှိသည့်ဥပဒေများကိုလည်း အမှားအယွင်း မရှိအောင် သင့်လျော်သည့်အချိန်ကာလအတွင်း ပြီးစီးအောင် ဆက်လက်ကြိုးစား ဆောင်ရွက်ကြရန် မှာကြားပါသည်။
အစည်းအဝေးသို့ ဥပဒေဘာသာပြန်ကော်မရှင် အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပြီး၊ မနက်ဖြန်ထိ ဆက်လက်ကျင်းပပြုလုပ် မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
