နေပြည်တော်၊ သြဂုတ် ၂၉

ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Chen Hai နှင့် အဖွဲ့ကို ယနေ့ နံနက် ၁၁:၀၀ နာရီ အချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့ တွေ့ဆုံရာတွင် ပြည်ထောင်စုရှေ့နေချုပ်က ဥပဒေပြုရေး ကဏ္ဍတွင် ပါဝင် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုကဏ္ဍ တိုးတက် ကောင်းမွန်ရေးဆိုင်ရာ ဆောင်ရွက်ချက်များ၊ ငြိမ်းချမ်းရေး ဆွေးနွေးမှုများ၊ နှစ်နိုင်ငံ ဥပဒေရေးရာ အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်နေမှုများနှင့် ပညာသင်ကိစ္စများကို ဆွေးနွေး ပြောကြားခဲ့ပြီး သံအမတ်ကြီးက တရားဥပဒေစိုးမိုးရေးကို နိုင်ငံတော်၏ ဦးစားပေးမူဝါဒအဖြစ် အလေးထား ဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို လေးစားပြီး ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ရရှိရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်နေမှုများ၊ နှစ်နိုင်ငံ ရှေ့နေချုပ်ရုံးတို့အကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်မည့်ကိစ္စရပ်များ၊ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ၊ ရပ်ဝန်းနှင့် ပိုးလမ်းမဆိုင်ရာ စီမံကိန်းတို့တွင် ပိုမိုပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ အမြဲတမ်းအတွင်းဝန် ဒေါ်နုနုယဉ်၊ ညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြ သော ဒေါ်ခင်ချိုအုန်းနှင့် ဒေါက်တာသီတာဦးတို့ တက်ရောက်ခဲ့ကြပါသည်။
(သတင်းစဉ်)
