နေပြည်တော်၊ အောက်တိုဘာ ၂

အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေများ သဟဇာတဖြစ်ရေး လုပ်ငန်းကော်မတီ၏ ပထမအကြိမ် အစည်းအဝေးကို ယနေ့ နံနက် ၉:၃၀ နာရီ အချိန်၌ ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။
အမှာစကားပြောကြားရာတွင် အမျိုးသားမြေ အသုံးချမှု မူဝါဒအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အမျိုးသားမြေ အသုံးချမှုကောင်စီကို ဖွဲ့စည်းခဲ့ပါကြောင်း၊ ယင်း အမျိုးသားမြေ အသုံးချမှုကောင်စီ၏ လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေးအတွက် အမျိုးသားမြေဥပဒေ ရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေများ သဟဇာတဖြစ်ရေး လုပ်ငန်းကော်မတီကို ဖွဲ့စည်းခဲ့ပါကြောင်း၊ ယင်းလုပ်ငန်း ကော်မတီကို အထောက်အကူပြုနိုင်ရေးအတွက် အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေး အထောက်အကူပြု လုပ်ငန်းအဖွဲ့ကိုလည်း ဖွဲ့စည်းခဲ့ပါကြောင်း၊ ကော်မတီ၏လုပ်ငန်းတာဝန်များကို စတင် ဆောင်ရွက် နိုင်ရေးအတွက် ပထမအကြိမ် အစည်းအဝေးကို ခေါ်ယူကျင်းပခြင်း ဖြစ်ပါကြောင်း၊ အမျိုးသားမြေ အသုံးချမှု မူဝါဒနှင့် ညီညွှတ်သည့် အမျိုးသားမြေဥပဒေ(မူကြမ်း) ပေါ်ပေါက်လာစေရန်နှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေများ သဟဇာတဖြစ်စေရေးအတွက် တည်ဆဲဥပဒေများကို ပြင်ဆင်ဖြည့်စွက်ရန်တို့သည် လုပ်ငန်းကော်မတီ၏ အဓိကတာဝန်များ ဖြစ်ပါကြောင်း၊ ရေရှည်တည်တံ့ခိုင်မြဲသော မြေအသုံးချမှု စီမံခန့်ခွဲရေး၊ မြေလုပ်ပိုင်ခွင့်များ ခိုင်မာစေရေး၊ တိုင်းရင်းသားများ၏ ဓလေ့ထုံးတမ်းဆိုင်ရာ လုပ်ပိုင်ခွင့်များကို ကာကွယ်ပေးရေး၊ မြေအငြင်းပွားမှု ဖြေရှင်းရေးနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့် ရင်းနှီးမြှုပ်နှံမှု ဖြစ်ထွန်းစေရေးတို့ကို လွှမ်းခြုံသည့် ပြဌာန်းချက်များကို အမျိုးသားမြေဥပဒေ(မူကြမ်း)တွင် ထည့်သွင်းရေးဆွဲသွားမည် ဖြစ်ပါကြောင်း၊ အဆိုပါ ဥပဒေမူကြမ်း ရေးဆွဲရာတွင် အများပြည်သူ ပူးပေါင်းပါဝင် ဆွေးနွေးနိုင်ရေးအတွက် အကျိုးသက်ဆိုင်သူများ ပါဝင်သည့် အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲများကို ကျင်းပ သွားမည်ဖြစ်ပါကြောင်း၊ အထောက်အကူပြု လုပ်ငန်းအဖွဲ့ကိုလည်း ဥပဒေမူကြမ်း ရေးဆွဲနိုင်ရေး အတွက် လိုအပ်သော လမ်းညွှန်မှုများ ချမှတ်ပေးသွားမည် ဖြစ်ပါကြောင်း၊ လိုအပ်သည့် နည်းပညာဆိုင်ရာ အကူအညီများကိုလည်း ရယူဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ သက်ဆိုင်သူ အားလုံး၏ အကြံဉာဏ်များကိုရယူ၍ အမျိုးသားမြေအသုံးချမှု မူဝါဒနှင့် ကိုက်ညီသည့် ဥပဒေမူကြမ်း ပေါ်ပေါက်လာရေးကို အလေးထားဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် ဥပဒေမူကြမ်း ရေးဆွဲရေးအတွက် လုပ်ငန်းစီမံချက် ရေးဆွဲချမှတ်နိုင်ရန် အဆိုပြုလုပ်ငန်းစဉ် (မူကြမ်း) အပေါ် ပူးပေါင်းပါဝင်ဆွေးနွေး အကြံပြု ပေးကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။
အဆိုပါ အစည်းအဝေးသို့ သက်ဆိုင်ရာလုပ်ငန်းကော်မတီ အဖွဲ့ဝင်များ၊ အထောက် အကူပြုလုပ်ငန်းအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပြီး ကော်မတီ၏ လုပ်ငန်းတာဝန်များ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေး ခဲ့ကြပါသည်။
(သတင်းစဉ်)
