နေပြည်တော်၊ စက်တင်ဘာ ၃၀

ပြည်ထောင်စုရှေ့နေချုပ်သည် ဥရောပသမဂ္ဂ ရင်းနှီးမြှုပ်နှံမှုဘဏ်(EIB)မှ အာရှ-ပစိဖိတ် ဒေသဆိုင်ရာ ဌာနမှူးဖြစ်သူ Ms.Angela Marcarino Paris နှင့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့ နံနက် ၁၁:၀၀ နာရီ အချိန်တွင် ပြည်ထောင်စုရှေ့ နေချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့ တွေ့ဆုံရာတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ လုပ်ငန်းတာဝန်များ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဆောင်ရွက်လျက်ရှိသည့် တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှု ဆိုင်ရာ လုပ်ငန်းစီမံကိန်းများ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုးတက်စေရေးအတွက် မြန်မာနိုင်ငံ၏ ဥပဒေပြုပြင်ပြောင်းလဲရေးဖြစ်စဉ်များ၊ ဥရောပသမဂ္ဂ ရင်းနှီးမြှုပ်နှံမှုဘဏ် (EIB)မှ မြန်မာနိုင်ငံသို့ ချေးငွေနှင့် နည်းပညာအကူအညီပေးရေးအတွက် လိုအပ်သည့် ဥပဒေရေးရာကိစ္စရပ်များနှင့် ပြည်တွင်း လုပ်ထုံးလုပ်နည်းများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သီတာဦးနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်နိုင်တို့ တက်ရောက်ခဲ့ကြပါသည်။
(သတင်းစဉ်)
