နေပြည်တော်၊ နိုဝင်ဘာ ၁

အမျိုးသားမြေ ဥပဒေရေးဆွဲပြုစုရေး အထောက်အကူပြု လုပ်ငန်းအဖွဲ့၏ ပထမ အကြိမ် အစည်းအဝေးကို ယနေ့ နံနက် ၀၉:၃၀ နာရီ အချိန်က ပြည်ထောင်စုရှေ့နေချုပ်ရုံးရှိ မြေညီထပ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အမျိုးသားမြေ ဥပဒေရေးဆွဲပြုစုရေး အထောက်အကူပြု လုပ်ငန်းအဖွဲ့၏ ဥက္ကဌ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်က တက်ရောက် အဖွင့်အမှာစကား ပြောကြားပါသည်။
ယင်းသို့ ပြောကြားရာတွင် အမျိုးသားမြေဥပဒေ(မူကြမ်း)၏ ကနဦးမူကြမ်း ပေါ်ပေါက် နိုင်ရေးသည် မိမိတို့လုပ်ငန်းအဖွဲ့၏ အဓိကတာဝန်ဖြစ်ပြီး ယင်းတာဝန်ကို ဆောင်ရွက်နိုင်ရန် ယခု အစည်းအဝေးတွင် ရှေ့ဆက်ဆောင်ရွက်သင့်သည့် လုပ်ငန်းများကို အကြံပြုဆွေးနွေးစေလို ပါကြောင်း၊ ထို့ပြင် အမျိုးသားမြေ အသုံးချမှုမူဝါဒနှင့် ညီညွတ်သော မြေယာစီမံ ခန့်ခွဲရေးနှင့် သက်ဆိုင်သည့် တည်ဆဲဥပဒေ အသီးသီးကို လွှမ်းခြုံသည့် အမျိုးသားမြေ ဥပဒေ(မူကြမ်း)ကို ကနဦး ရေးဆွဲနိုင်ရေး၊ တည်ဆဲမြေစီမံခန့်ခွဲရေးဆိုင်ရာ ဥပဒေများ သဟဇာတ ဖြစ်ရေး အတွက် သက်ဆိုင်သည့် တည်ဆဲဥပဒေများကို လေ့လာခြင်း၊ ပြင်ဆင်ဖြည့်စွက်ရန် လိုအပ် သည့်အချက်များ ဖော်ထုတ်ခြင်းတို့ကို ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ယင်းတို့ကို ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ ဥပဒေများကို စီမံခန့်ခွဲမှုပြုသည့် ဌာန၊ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ကျွမ်းကျင်သူများနှင့် မိမိတို့ရုံးမှ တာဝန်ပေးအပ် သော ဥပဒေအရာရှိများ ပါဝင်လျက် အဖွဲ့ငယ်များ ဖွဲ့စည်းပြီး ဆောင်ရွက်သင့်ကြောင်း၊ လုပ်ငန်းကော်မတီက အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပမည်ဖြစ်ရာ ယင်းအလုပ်ရုံ ဆွေးနွေးပွဲမှ ရရှိသော ရလဒ်များအရ ဘက်ပေါင်းစုံမှ သုံးသပ်ပြီး ဥပဒေ(မူကြမ်း) ရေးဆွဲနိုင်ရန် ကြိုးပမ်း ကြရမည်ဖြစ်ကြောင်းနှင့် တက်ရောက်လာသူများက အကြံပြုချက်များ ကိုဆွေးနွေးကြစေ လိုကြောင်း ပြောကြားပါသည်။
ဆက်လက်၍ အထောက်အကူပြု လုပ်ငန်းအဖွဲ့၏ အတွင်းရေးမှူးက အမျိုးသားမြေ ဥပဒေ(မူကြမ်း)၏ မာတိကာအကြမ်းအား တင်ပြဆွေးနွေး ပြောကြားပြီးနောက် အစည်း အဝေးသို့ တက်ရောက်လာသူများက အကြံပြုဆွေးနွေးကြပြီး နေ့လည်ပိုင်းတွင် အဆိုပါ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။
(သတင်းစဉ်)
