တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ သတ္တမအကြိမ်အစည်းအဝေး ကျင်းပပြုလုပ်

နေပြည်တော်၊ နိုဝင်ဘာ ၁၉

          တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့၏ သတ္တမအကြိမ်အစည်းအဝေးကို ယနေ့နံနက် ၀၈:၃၀ နာရီအချိန်တွင် Park Royal Hotel ၊ နေပြည်တော်၌ ကျင်းပပြုလုပ်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ ဥက္ကဌဖြစ်သူ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက အမှာစကားပြောကြားခဲ့ပါသည်။

          အဆိုပါ အစည်းအဝေး၌  ပြည်ထောင်စုရှေ့နေချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ “ပြည်သူ့အတွက် တရားမျှတမှု” မဟာဗျူဟာစီမံကိန်း ၂၀၁၉-၂၀၂၃ မူကြမ်းကို ရေးဆွဲနိုင်ခဲ့ပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီလ၊ ၁ ရက်နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် ထုတ်ပြန်နိုင်ခဲ့ပါကြောင်း၊ ယနေ့အစည်းအဝေးတွင် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ မဟာဗျူဟာ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မှုများနှင့် ပတ်သက်ပြီး မိတ်ဖက်အဖွဲ့အစည်းများနှင့် ဆွေးနွေးခြင်း၊ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ စံလုပ်ထုံးလုပ်နည်းများ (SOP) မူကြမ်းကို အတည်ပြု ရန် ဆွေးနွေးခြင်းနှင့် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ မဟာဗျူဟာစီမံကိန်း ရည်မှန်းချက်တွင် ပါဝင်သည့် တရားရုံးပြင်ပဖြေရှင်းခြင်းစနစ် နှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်းတို့ကို ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း ၂၀၁၈-၂၀၃၀ ၏ မဟာဗျူဟာနှင့် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု ရည်မှန်းချက် ပန်းတိုင်တို့တွင်လည်း အများပြည်သူ ယုံကြည်အားကိုးသည့် တရားစီရင်ရေးစနစ် ပေါ်ထွန်း လာရေးကို ရည်မှန်းထား ပါကြောင်း၊ သို့ပါ၍ တရားမျှတမှု လက်လှမ်းမီရေး၊ တစ်ဦးချင်း အခွင့်အရေးများနှင့် တရားဥပဒေ စိုးမိုးမှု ခိုင်မာရေးအတွက် ပြီးပြည့်စုံသော မဟာဗျူဟာတစ်ရပ် တိုးတက်စေရန် ပေါင်းစပ်ညှိနှိုင်း ရေးအဖွဲ့မှ ပေါင်းစပ်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ၂၀၁၈ ခုနှစ် မတ်လ ၇-၈ ရက်နေ့ များတွင် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့က ကျင်းပခဲ့သည့် ပထမအကြိမ် အမျိုးသားညီလာခံတွင် နိုင်ငံတော်၏ အတိုင်ပင်ခံမိန့်ခွန်း၌ မြန်မာနိုင်ငံမှာ အငြင်းပွားမှု ဖြေရှင်းခြင်းအတွက် ဥပဒေအရ ကွဲပြားစွာ တည်ရှိမှုများ၏ အရေးပါမှုကိုလည်း အသိအမှတ်ပြုသည်ဟု ထည့်သွင်းပြောကြားခဲ့ပါ ကြောင်း၊ တရားရုံးတွင် တရားစွဲဆိုဖြေရှင်းမပြုဘဲ အခြားနည်းဖြစ်သည့် ဓလေ့ထုံးစံအရ ရပ်ရွာလူကြီးများနှင့် ညှိနှိုင်း ဖြေရှင်းသည့် ဓလေ့များမှာ နှစ်ပေါင်းများစွာကတည်းက တည်ရှိနေခဲ့ ကြောင်းနှင့် အဆိုပါဓလေ့နှင့်  ရိုးရာအစဉ်အလာကျင့်သုံးမှုများကို ပိုမိုတိုးတက်ကောင်းမွန်စေ ရေးအတွက်လည်း ထည့်သွင်း စဉ်းစားရန် လိုအပ်သည်ဟု ထည့်သွင်းပြောကြားခဲ့ပါကြောင်း၊ ယနေ့ အစည်းအဝေးသို့ တက်ရောက် လာကြသူများအနေဖြင့် တရားရုံးပြင်ပ ဖြေရှင်းခြင်းစနစ် ပိုမို တိုးတက် ကောင်းမွန်စေရေးအတွက် အကြံပြုချက်များ၊ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ အကောင်အထည် ဖော်မှုများနှင့် စံလုပ်ထုံး လုပ်နည်းမူကြမ်းအပေါ် ဆွေးနွေးသုံးသပ်အကြံပြုသွားကြရန် ဖြစ်ကြောင်းနှင့် တရားဥပဒေ စိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာ စံလုပ်ထုံးလုပ်နည်းကို ဆွေးနွေး အတည်ပြုပြီးလျှင် တိုင်းဒေသကြီးနှင့် ပြည်နယ် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲများအနေဖြင့် ယခုထက် ပိုမိုပြီး လုပ်ငန်းများဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း  ပြောကြားခဲ့ပါသည်။ အစည်းအဝေးတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲများမှ ၎င်းတို့ ဆောင်ရွက်လျက်ရှိသည့် အသိပညာပေးလုပ်ငန်းများ၊ တိုင်ကြားစာများအပေါ် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးမှုများကို ဆွေးနွေးတင်ပြခဲ့ပါသည်။ ထို့ပြင် သက်ဆိုင်ရာအစိုးရ ဌာန အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်မှု အားနည်းသည့် အတွက် အခက်အခဲအချို့ ရှိကြောင်း ဆွေးနွေးတင်ပြရာ ပြည်ထောင်စုရှေ့နေချုပ်မှ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ရန်နည်းလမ်းများနှင့်စပ်လျဉ်း၍လမ်းညွှန်မှာကြားခဲ့ပါသည်။      အဆိုပါအစည်းအဝေးသို့ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲများ၏ အဖွဲ့ခေါင်းဆောင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဥပဒေအရာရှိများ၊ ဖိတ်ကြားထားသည့် အပြည်ပြည်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများ ဖြစ်သည့် MyJustice ၊UNDP ၊ USAID ၊ DFID ၊ DFAT ၊ JICA ၊ Embassy of Denmark ၊ IDLO ၊ Mercy Corps နှင့် Norwegian Refugee Council တို့မှ ကိုယ်စားလှယ်များ စုစုပေါင်း ၇၅ ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

                                                                                                                                                                                  (သတင်းစဉ်)