ပြည်ထောင်စုရှေ့နေချုပ်သည် ဂျပန်နိုင်ငံ တရားရေးဝန်ကြီး Ms. Mori Masako နှင့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဒီဇင်ဘာလ ၁၂

      ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး သည် ဂျပန်နိုင်ငံ တရားရေးဝန်ကြီး   Ms. Mori Masako နှင့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက် ၁၁:၀၀ နာရီအချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

      ထိုသို့တွေ့ဆုံရာတွင် ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA) တို့သည် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (Capacity Development Project) ကို ၂၀၁၃ ခုနှစ်မှ စတင်၍ ဆောင်ရွက်ခဲ့ပြီး စီမံကိန်းကာလကို ၂၀၂၁ ခုနှစ် မတ်လအထိ တိုးမြှင့်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းစီမံကိန်းသည် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာ အကျိုးကျေးဇူးဖြစ်ထွန်းပါကြောင်းနှင့် ဂျပန်နိုင်ငံ တရားရေးဝန်ကြီးဌာနသည် တရားဥပဒေစိုးမိုးရေးနှင့် အခြေခံ လူ့အခွင့်အရေးများ တိုးမြှင့်ရရှိရေးတို့ကို ဆောင်ရွက်နေသကဲ့သို့ ပြည်ထောင်စုရှေ့နေချုပ်ရုံးအနေဖြင့်လည်း တရား ဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုလက်လှမ်းမီရေးတို့ကို ဦးစားပေး ဆောင်ရွက်လျက် ရှိပါကြောင်းတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

          အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ   တက်ရောက်ခဲ့ကြပါသည်။

                                                                                                (သတင်းစဉ်)