နေပြည်တော်၊ ဇူလိုင် ၁၇

အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေများ သဟဇာတ ဖြစ်ရေးလုပ်ငန်းကော်မတီ၏ ဒုတိယအကြိမ်အစည်းအဝေးကို ယနေ့ နံနက် ၀၉:၃၀ နာရီ အချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် ပြည်ထောင်စုရှေ့နေချုပ်က အမှာစကားပြောကြားရာ၌ အမျိုးသား မြေဥပဒေ ရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေများ သဟဇာတဖြစ်ရေး လုပ်ငန်းကော်မတီ၏ လုပ်ငန်းစီမံချက် ရေးဆွဲနိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲ ၂ ကြိမ် ကျင်းပခဲ့ပြီး အမျိုးသားမြေဥပဒေ ရေးဆွဲပြုစုရေးလုပ်ငန်းစီမံချက် (မူကြမ်း) အား ရေးဆွဲခဲ့ ပါကြောင်း၊ ယခုအစည်းအဝေးတွင် အဆိုပါလုပ်ငန်းစီမံချက် (မူကြမ်း)ကို ဆွေးနွေး အတည်ပြုပေးရန် ဖြစ်ပါကြောင်း၊ အမျိုးသားမြေဥပဒေ(မူကြမ်း) ရေးဆွဲပြုစုခြင်းကို လုပ်ငန်းစီမံချက်နှင့်အညီ တစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်း စီမံချက် (မူကြမ်း)ပါ လုပ်ငန်းများကို အကောင်အထည်ဖော် နိုင်ရေးအတွက် လုပ်ငန်းအဖွဲ့ ငယ်များ ဖွဲ့စည်းရာတွင် ပါဝင်သင့်ပါဝင်ထိုက်သူများ ပါဝင်နိုင်ရန် ရေးဆွဲပြုစုထားသည့် လုပ်ငန်းအဖွဲ့ငယ်များ ဖွဲ့စည်းမှု (မူကြမ်း)ကိုလည်း ပွင့်ပွင့်လင်းလင်း အကြံပြုဆွေးနွေး ပေးစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။
အစည်းအဝေးသို့ တက်ရောက်လာကြသော လုပ်ငန်းကော်မတီ အဖွဲ့ဝင်များဖြစ်သည့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ ကိုယ်စားလှယ်များ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းမှ ကိုယ်စားလှယ်များနှင့် တောင်သူလယ်သမားကိုယ်စားလှယ်များက လုပ်ငန်းစီမံချက် (မူကြမ်း)ကို ဆွေးနွေးအတည်ပြုခဲ့ကြပြီး အမျိုးသားမြေဥပဒေ ရေးဆွဲရေးလုပ်ငန်းစဉ်များကို လုပ်ငန်းစီမံ ချက်နှင့်အညီ အဆင့်ဆင့် ဆောင်ရွက်ရာ၌ နှောင့်နှေးကြန့်ကြာမှု မရှိဘဲ ဆောင်ရွက်သွား နိုင်ရေး၊ အမျိုးသားမြေ ဥပဒေ(မူကြမ်း)၏ ကျောရိုး/မာတိကာ ရရှိရေးနှင့် ဥပဒေ(မူကြမ်း) ရေးဆွဲပြုစုရေးအတွက် လုပ်ငန်းအဖွဲ့ငယ်များနှင့် အထောက်အကူပြု လုပ်ငန်းအဖွဲ့များက လုပ်ငန်းကော်မတီသို့ အချိန်နှင့်တပြေးညီ တင်ပြနိုင်ရေးနှင့် အမျိုးသားမြေဥပဒေသည် အခြား မြေဆိုင်ရာတည်ဆဲဥပဒေများနှင့် သဟဇာတဖြစ်ပြီး လိုအပ်ချက်များ လွှမ်းခြုံပါဝင်နိုင်ရေး တို့ကို ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါ အစည်းအဝေးသို့ လုပ်ငန်းကော်မတီ ဒုတိယဥက္ကဌနှင့် အဖွဲ့ဝင်များ၊ အခြား ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ပါသည်။
(သတင်းစဉ်)
