သံအမတ်ကြီး ဦးမင်းသိမ်းမှ ပြည်ထောင်စုရှေ့နေချုပ်အား လာရောက်တွေ့ဆုံနှုတ်ဆက်

နေပြည်တော်၊  နိုဝင်ဘာ  ၁၀

    ဩစတြီးယား သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်ပြီးဖြစ်သော ဦးမင်းသိမ်းမှ သံအမတ်ကြီးတာဝန်နှင့် ဗီယင်နာမြို့၌ အခြေစိုက်သည့် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် သွားရောက်တာဝန် ထမ်းဆောင်ခြင်းမပြုမီ ယနေ့ မွန်းတည့် ၁၂:၀၀ အချိန်တွင် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး အား လာရောက်တွေ့ဆုံ နှုတ်ဆက်ခဲ့ပါသည်။

  ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် နိုင်ငံတကာအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များ၊ ဩစတြီးယားသမ္မတနိုင်ငံ၏ ချေးငွေဖြင့် ဆောင်ရွက်မည့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့၏ လုပ်ငန်းများနှင့် စပ်လျဉ်းသည့် ဥပဒေရေးရာ ကိစ္စရပ်များ၊ နိုင်ငံတကာကုန်သွယ်ရေး ဥပဒေဆိုင်ရာ ကုလသမဂ္ဂ ကော်မရှင်(UNCITRAL)နှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် လိုအပ်သည့် ဥပဒေအကြံပြုချက်များ ကူညီပေးရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး မွန်းလွဲ ၁၂:၃၀ အချိန် တွင် ပြီးဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။

                                                                                                               (သတင်းစဉ်)