ပြည်ထောင်စုရှေ့နေချုပ်ရုံး မဟာဗျူဟာစီမံကိန်း(၂၀၂၀-၂၀၂၄) အကောင်အထည်ဖော် ဆောင်ရွက်ရေးနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

နေပြည်တော်၊   ဧပြီ   ၈

          ပြည်ထောင်စုရှေ့နေချုပ်ရုံးက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ပြည်ထောင်စု ရှေ့နေချုပ်ရုံး မဟာဗျူဟာစီမံကိန်း(၂၀၂၀-၂၀၂၄) အကောင်အထည်ဖော်ဆောင်ရွက်ရေးနှင့်စပ်လျဉ်း သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မွန်းလွဲ ၁ နာရီ အချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး မြေညီထပ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး တက်ရောက်၍ အမှာစကားပြောကြားပါသည်။

          ထိုသို့ ပြောကြားရာတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးအနေဖြင့် လုပ်ငန်းများကို အရှိန်အဟုန် မပျက် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ ၂၁-၁-၂၀၂၁ ရက်နေ့တွင် ပြည်ထောင်စု ရှေ့နေချုပ်ရုံး မဟာဗျူဟာစီမံကိန်း(၂၀၂၀-၂၀၂၄) မိတ်ဆက်ခြင်း အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ် နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ မဟာဗျူဟာစီမံကိန်းတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ရည်မှန်းချက်၊ တာဝန်နှင့် လုပ်ပိုင်ခွင့်တို့ကို အတိအကျဖော်ပြထားသည့်အပြင် အကောင်အထည် ဖော်ဆောင်ရွက်မည့် မဟာဗျူဟာရည်မှန်းချက်များ၊ အစီအစဉ်များ၊ ဆောင်ရွက်ချက်များကိုလည်း သတ်မှတ်ပြီး ဖြစ်ကြောင်း၊ ယခုမဟာဗျူဟာစီမံကိန်းသည် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ဒုတိယအကြိမ် မဟာဗျူဟာစီမံကိန်းဖြစ်ပြီး ယခင်မဟာဗျူဟာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မှုများ၏ အားသာချက်၊ အားနည်းချက်များကို အခြေခံရေးဆွဲထားခြင်းဖြစ်ပြီး                “တရားမျှတရေးအတွက် ဥပဒေဝန်ဆောင်မှု”အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ရန် ရည်ရွယ်ထားပါကြောင်း၊ ယခင်မဟာဗျူဟာစီမံကိန်းကို အကောင်အထည်ဖော်ရာတွင် ဥပဒေ အရာရှိကျင့်ဝတ်စာအုပ်၊ မျှတသော တရားစီရင်ရေး စံနှုန်းများစာအုပ်၊ ဥပဒေရေးဆွဲရေး လမ်းညွှန် စာအုပ်၊ စီးပွားရေးစာချုပ်စာတမ်းများ စိစစ်ရေးလမ်းညွှန်စာအုပ်တို့ကို ထုတ်ဝေနိုင်ခဲ့သည့်အပြင် မြန်မာဥပဒေသတင်းအချက် အလက်စနစ်(Myanmar Law Information System- MLIS)ကို ထုတ်လွှင့်နိုင်ခဲ့ပါကြောင်း၊ ယခုမဟာဗျူဟာစီမံကိန်းကို ဥပဒေအရာရှိများ၊ ရှေ့နေရှေ့ရပ်များနှင့် ဥပဒေပညာ စိတ်ဝင်စားသူများအတွက် ဥပဒေပညာဖြန့်ဖြူးပေးနိုင်မည့် ဥပဒေပညာသင်တန်းကျောင်း ဖွင့်လှစ်ရေးစီမံချက် အပါအဝင် ဆောင်ရွက်ချက် (၇၈)ခုကို အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဥပဒေချုပ်ရုံးများ၊ ခရိုင်ဥပဒေရုံးများနှင့် မြို့နယ်ဥပဒေရုံးများသည်လည်း မဟာဗျူဟာစီမံကိန်းပါ ကိစ္စများကို အတူလက်တွဲ အကောင် အထည်ဖော် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ မဟာဗျူဟာသည် ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် အဆင့်ဆင့်သော ဥပဒေရုံးများအတွက် စနစ်တကျပြုစုထားသော ရှေ့ဆက်ရမည့် လုပ်ငန်း လမ်းညွှန်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ ဒုတိယရှေ့နေချုပ် ဦးစန်းလွင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များနှင့် တက်ရောက်လာသူများက အကောင်အထည်ဖော် ဆောင်ရွက်ရေးနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြပါသည်။

          နိဂုံးချုပ်အနေဖြင့် ပြည်ထောင်စုရှေ့နေချုပ်က မဟာဗျူဟာစီမံကိန်း အကောင်အထည် ဖော်ရေးနှင့် စပ်လျဉ်း၍ လတ်တလော ဆောင်ရွက်ရမည့် အစီအစဉ်များ၊ ဆောင်ရွက်ချက်များကို အတည်ပြုပေးခဲ့ပြီး အခမ်းအနားရုပ်သိမ်းခဲ့ပါသည်။

          အဆိုပါ အခမ်းအနားသို့ ဒုတိယရှေ့နေချုပ်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် မဟာ ဗျူဟာစီမံကိန်း ရေးဆွဲရေးလုပ်ငန်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

  (သတင်းစဉ်)