ကုလသမဂ္ဂ နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာ ဥပဒေကော်မရှင် လုပ်ငန်းအဖွဲ့(၃)၏ (၄၀) ကြိမ်မြောက် အစည်းအဝေးသို့ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်

နေပြည်တော်၊  မေလ  ၅  ရက်

ကုလသမဂ္ဂ နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာ ဥပဒေကော်မရှင်(United Nations Comission on International Trade Law- UNCITRAL) လုပ်ငန်းအဖွဲ့(၃)၏ (၄၀)ကြိမ်မြောက် အစည်းအဝေးကို ၄-၅-၂၀၂၁ မှ ၅-၅-၂၀၂၁ ရက်နေ့အထိ ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့ရှိ အပြည်ပြည်ဆိုင်ရာ ဗဟိုဌာနတွင် ကျင်းပခဲ့ရာ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ကိုယ်စားလှယ်အဖွဲ့သည် ဖိတ်ကြားချက် အရ video conferencing ဖြင့်တက်ရောက်ခဲ့ကြပါသည်။

လုပ်ငန်းအဖွဲ့(၃)သည် ရင်းနှီးမြှုပ်နှံသူနှင့် နိုင်ငံအကြား အငြင်းပွားမှုဖြေရှင်းရေးယန္တရား ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစီမံချက်ကို ၂၀၁၇ ခုနှစ်မှစ၍ အကောင်အထည်ဖော်ခဲ့ပြီး အဆိုပါ လုပ်ငန်းစီမံချက်တွင် ရင်းနှီးမြှုပ်နှံသူနှင့် နိုင်ငံအကြား တိုင်ကြားချက်များ၊ အပြန်အလှန် တိုင်ကြားချက်များ၊ ဖြေရှင်းမှုနည်းလမ်းများနှင့် ဆုံးဖြတ်ဆောင်ရွက်မှုများ၊ တရားရုံးစရိတ်များ အတွက် အာမခံတင်သွင်းခြင်း၊ တတိယပုဂ္ဂိုလ်/အဖွဲ့အစည်းမှ ရန်ပုံငွေကျခံသုံးစွဲခြင်း၊ စာချုပ်ပါ ပြဌာန်းချက်များကို အနက်အဓိပ္ပာယ် ကောက်ယူခြင်းတို့အပါအဝင် လုပ်ထုံးလုပ်နည်းဆိုင်ရာ စည်းမျဉ်းများ ပြုပြင်ပြောင်းလဲခြင်းတို့နှင့်စပ်လျဉ်း၍ မူကြမ်းများပြုစုပြီး UNCITRAL Commission သို့ တင်ပြရမည်ဖြစ်ပါသည်။

အဆိုပါလုပ်ငန်းစီမံချက်ကို ၂၀၂၅ ခုနှစ်အတွင်း အပြီးသတ်ဆောင်ရွက်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းအစီအစဉ်များကို အဖွဲ့ဝင်နိုင်ငံများက အသီးသီးတင်ပြ ဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးသို့ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြပါသည်။

(သတင်းစဉ်)