နေပြည်တော်၊ မေ ၂၈


ပြည်ထောင်စုရှေ့နေချုပ်ရုံးက ဝန်ဆောင်မှုပေးလျက်ရှိသော မြန်မာဥပဒေသတင်း အချက်အလက်စနစ်(Myanmar Law Information System-MLIS) သုံးနှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦး တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။
ယင်းသို့ ပြောကြားရာတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးသည် နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကဏ္ဍတို့တွင် ပါဝင်ဆောင်ရွက်နေသည့် အဖွဲ့အစည်းဖြစ်ကြောင်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးသည် နိုင်ငံတော်နှင့် အများပြည်သူအကျိုးအတွက် ကောင်းမွန်သည့် ဥပဒေရေးရာ ဝန်ဆောင်မှုများ ဆောင်ရွက်ပေးနိုင်ရန်အတွက် လိုအပ်သည့် အရင်းအမြစ်များ ရရှိရေးနှင့် အရည်အသွေး ပြည့်ဝသည့် ဥပဒေရေးရာဝန်ဆောင်မှုများ ဖြစ်ပေါ်စေရေးအတွက် သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများ၊ ပြည်တွင်း ပြည်ပ မိတ်ဖက်အဖွဲ့အစည်းများ စသည့် သက်ဆိုင်သူအားလုံးနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကဲ့သို့ ပူးပေါင်းဆောင်ရွက်ရာတွင် ပြည်ထောင်စု ရှေ့နေချုပ်ရုံးသည် မြန်မာ ဥပဒေသတင်းအချက်အလက်စနစ်(Myanmar Law Information System-MLIS)ကို ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ KOICA အထောက်အပံ့နှင့် ကိုရီးယားသမ္မတနိုင်ငံ ဥပဒေပြုရေးဝန်ကြီးဌာန(Ministry of Legislation -MOLEG)၏ နည်းပညာ အကူအညီတို့ဖြင့် www.mlis.gov.mm အား ၂၀၁၈ ခုနှစ် မေလ ၂၄ ရက် နေ့တွင် အောင်မြင်စွာ လွှင့်တင်လျက် ဥပဒေသတင်းအချက်အလက် ဝန်ဆောင်မှုပေးသည့် စနစ်(System)တစ်ခုကို ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ယခု ၂၀၂၁ ခုနှစ် မေလ ၂၄ ရက်နေ့ တွင် မြန်မာဥပဒေသတင်း အချက်အလက်စနစ်(Myanmar Law Information System-MLIS) သည် ၃ နှစ် သက်တမ်းသို့ ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးက ဥပဒေ သတင်းအချက်အလက်များ ကြည့်ရှုနိုင်ရန် အခမဲ့ ဝန်ဆောင်မှုပေးထားသော MLIS သည် အရှေ့တောင်အာရှတွင် မြန်မာနိုင်ငံ တစ်နိုင်ငံတည်းက ပထမဆုံးစတင်တည်ထောင် လွှင့်တင် ထားသည့် စနစ်ဖြစ်ခြင်းကြောင့် ဂုဏ်ယူဖွယ်ရာလည်းဖြစ်ကြောင်း၊ စတင်လွှင့်တင်ခဲ့စဉ်က ဥပဒေ သတင်းအချက်အလက် စုစုပေါင်း ၇၀၆၄ ခု ထည့်သွင်းထားခဲ့ပြီး ယခုသုံးနှစ်သက်တမ်းသို့ ရောက်ရှိချိန်တွင် ဥပဒေသတင်းအချက်အလက် စုစုပေါင်း ၁၀၇၆၁ ခု ထည့်သွင်းနိုင်ခဲ့ပြီး ဥပဒေ သတင်းအချက်အလက်များကို အခမဲ့ဝန်ဆောင်မှု ပေးထားသောကြောင့် ဝင်ရောက် ကြည့်ရှုသူ အရေအတွက် ၁,၂၆၀,၀၀၀ ရှိပြီ ဖြစ်ကြောင်း၊ မြန်မာဥပဒေသတင်းအချက်အလက်စနစ် လွှင့်တင်ဝန်ဆောင်မှု ပေးခြင်း၏ ရည်ရွယ်ချက်မှာ ဥပဒေသတင်းအချက်အလက်များကို ပြည်သူ များက အင်တာနက် မှတစ်ဆင့် တစ်နေရာတည်းတွင် အလွယ်တကူ ရှာဖွေလေ့လာ အသုံးပြုနိုင်စေရေးနှင့် တရားဥပဒေစိုးမိုးရေးကို အထောက်အကူ ဖြစ်စေရေးတို့အတွက် ဥပဒေ အသိပညာ ပေးနိုင်ရန်ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ ပြည်သူများသည် ဥပဒေဆိုင်ရာ အသိပညာနှင့် ဗဟုသုတ ကြွယ်ဝခြင်းဖြင့် တည်ငြိမ်အေးချမ်းသော ဖွံ့ဖြိုးစည်ပင်သော နိုင်ငံအဖြစ် တိုးတက် ပြောင်းလဲမှုကို အထောက်အကူ ဖြစ်စေရန် ရည်ရွယ်ကြောင်း၊ MLIS တွင် မြန်မာနိုင်ငံ၏ ဥပဒေ သတင်းအချက်အလက်များကို အတတ်နိုင်ဆုံး ပြည့်စုံစွာ ဖော်ပြထားသောကြောင့် ဥပဒေသုတေသီ များ၊ ဥပဒေကျောင်းသူကျောင်းသားများ၊ ဥပဒေရေးဆွဲသူ၊ ဥပဒေပြုသူ၊ ဥပဒေလေ့လာသူများ အတွက် Law Library တစ်ခုကဲ့သို့ ရှာဖွေအသုံးပြုနိုင်ကြောင်း၊ ဥပဒေဘာသာပြန်ကော်မရှင်မှ ဘာသာပြန်ဆိုပေးသော မြန်မာဘာသာပြန်ဆိုချက် ဥပဒေများကို တစုတစည်းတည်း အလွယ် တကူ လေ့လာကြည့်ရှုနိုင်ရေးအတွက် ဥပဒေဘာသာပြန်ကော်မရှင် ကဏ္ဍကို ထပ်မံထည့်သွင်း ဝန်ဆောင်မှုပေးထားကြောင်း၊ မြန်မာနိုင်ငံသည် e-Government စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အချိန်ကာလ ဖြစ်သောကြောင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးက မြန်မာဥပဒေ သတင်းအချက်အလက်စနစ် လွှင့်တင်ဝန်ဆောင်မှု ပေးနိုင်ခြင်းသည် e-Government လုပ်ငန်းစဉ် ကိုလည်း များစွာအထောက်အကူပြုမည် ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ e-Law Library တစ်ခုကဲ့သို့ အလွယ်တကူဝင်ရောက် ကြည့်ရှုရှာဖွေလေ့လာနိုင်အောင် ကောင်းမွန်သော ဝန်ဆောင်မှုပေးသည့် စနစ်တစ်ခုဖြစ်သော ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ မြန်မာဥပဒေသတင်းအချက်အလက်စနစ် (Myanmar Law Information System-MLIS)တွင် မြန်မာနိုင်ငံ၏ ဥပဒေသတင်းအချက်အလက် များကို ပြည့်စုံစွာ ဖော်ပြနိုင်စေရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများက ဥပဒေသတင်း အချက်အလက်များကို အချိန်နှင့် တစ်ပြေးညီ ပေးပို့ခြင်းဖြင့် MLIS အဓွန့်ရှည် တည်တံ့ရေး ပူးပေါင်း ဆောင်ရွက်ပေးပါရန် တိုက်တွန်းအပ်ပါကြောင်း စသည်ဖြင့် ပြောကြားပါသည်။
အဆိုပါ အခမ်းအနားသို့ ဒုတိယရှေ့နေချုပ် ဦးစန်းလွင်၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ တက်ရောက်ကြကြောင်းသတင်းရရှိပါသည်။
(သတင်းစဉ်)
