နေပြည်တော်၊ ဇွန် ၃


ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ဥပဒေရေးဆွဲခြင်းနှင့် ဥပဒေ(မူကြမ်း) စိစစ်အကြံပြုခြင်းဆိုင်ရာ သင်တန်းအမှတ်စဉ်၊ ၁/၂၀၂၁ ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀း ၀၀ နာရီ အချိန်က ကျင်းပ ပြုလုပ်ရာ အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပါသည်။
ထိုသို့အဖွင့် အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာများ ဖြစ်ကြ သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြားကျင့်သုံး၍ အပြန်အလှန် ထိန်းကျောင်းခြင်းပြုရာတွင် ဥပဒေပြုရေးသည် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်ပါကြောင်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာ သုံးရပ်လုံးတွင် ပါဝင်ဆောင်ရွက်နေသည့် အဖွဲ့အစည်းဖြစ်ကြောင်း၊ ဥပဒေပြုရေးကဏ္ဍနှင့်စပ်လျဉ်း၍ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောင်ရေးအဖွဲ့ လက်ထက်တွင် ၁၉၈၈ ခုနှစ် ရှေ့နေချုပ် ဥပဒေအရ ရှေ့နေချုပ်ရုံးသည် ဥပဒေများစိစစ်ခြင်း၊ ရေးဆွဲခြင်းတာဝန် ရှိခဲ့ပါကြောင်း၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်၌လည်း ၂၀၀၁ ခုနှစ် ရှေ့နေချုပ် ဥပဒေအရ ဥပဒေများစိစစ်ခြင်း၊ ရေးဆွဲခြင်းတာဝန်ကို ဆက်လက်ထမ်းဆောင်ခဲ့ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ(၂၀၀၈ ခုနှစ်) ပေါ်ပေါက်လာပြီးနောက် ၂၀၁၀ ပြည့်နှစ်တွင် ပြဋ္ဌာန်းသော ပြည်ထောင်စု ရှေ့နေချုပ်ဥပဒေတွင် ဥပဒေများ ရေးဆွဲခြင်းတာဝန် မပါရှိတော့ဘဲ ဥပဒေများ စိစစ် အကြံဉာဏ် ပေးခြင်း တာဝန်သာ ရှိပါကြောင်း၊ ထို့ကြောင့် ဥပဒေကို စီမံခန့်ခွဲမည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများသည် ဥပဒေမူကြမ်းများကို ကနဦး စတင် ရေးဆွဲရန် တာဝန်ရှိပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံး ဥပဒေများစိစစ်အကြံပြုရေး ဦးစီးဌာန အနေဖြင့် သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း များက ရေးဆွဲပေးပို့သည့် ဥပဒေမူကြမ်းအပေါ်တွင် စိစစ်ပြီး ဥပဒေအကြံဉာဏ်ပေးရန် တာဝန်ရှိ ကြောင်း၊ အလားတူ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် အစိုးရဌာန၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ ကလည်း မိမိတို့ စီမံခန့်ခွဲသော ဥပဒေများကို ကနဦး ရေးဆွဲရန် တာဝန်ရှိမည်ဖြစ်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်ရုံးများ အနေဖြင့် အဆိုပါ အစိုးရဌာန၊ အဖွဲ့အစည်း များက ပေးပို့သော ဥပဒေမူကြမ်းများအပေါ် စိစစ်အကြံပြုရန် တာဝန်ရှိကြောင်း၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးသည် ဥပဒေပြုရေးကဏ္ဍတွင် ဆောင်ရွက်လျက်ရှိသော အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များက ၎င်းတို့၏ ဥပဒေကြမ်းရေးဆွဲရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူပြုနိုင်ရန် ဥပဒေမူကြမ်း ရေးဆွဲရေး လမ်းညွှန်စာအုပ်(Legislative Drafting Guidance)ကို ၂၀၁၉ ခုနှစ်၊နိုဝင်ဘာလတွင် ထုတ်ဝေခဲ့ပါကြောင်း၊ ဥပဒေမူကြမ်း ရေးဆွဲရေး လမ်းညွှန်စာအုပ်ကို သိရှိနားလည် စေရန် သင်တန်းများ ပို့ချနိုင်ရေးအတွက် ၂၀၂၀ ပြည့်နှစ် ကတည်းက စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း၊ ကမ္ဘာ တစ်ဝှမ်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုကြောင့် သင်တန်းအစီအစဉ်များကို ခေတ္တဆိုင်းငံ့ခဲ့ ကြောင်း၊ ဆိုင်းငံ့ထားစဉ် ကာလတစ်လျှောက် ၂၀၂၀ ပြည့်နှစ်၊ တစ်နှစ်လုံးအတွင်းမှာ ပြည်ထောင်စုရှေ့နေချုပ် ရုံးမှ တာဝန်ရှိသူများအနေဖြင့် ညှိနှိုင်းအစည်းအဝေးများ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး သင်တန်းဖွင့် လှစ်ခွင့် ရရှိသည့်အချိန်တွင် အဆင်သင့်ဖွင့်လှစ်နိုင်ရန် သင်တန်းချိန် အစီအစဉ်ရေးဆွဲခြင်း၊ သင်တန်းဆရာများ ရွေးချယ်သတ်မှတ်ခြင်း၊ သင်ရိုးပြုစုခြင်းနှင့် သင်ကြားရေး အထောက်အကူပြု စာရွက်စာတမ်းများ စီစဉ်ပြုစုခြင်းတို့ကို ဆောင်ရွက်ထားရှိခဲ့ကြောင်း၊ ယခုဖွင့်လှစ်ပို့ချမည့် သင်တန်းသည် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း သတ်မှတ်ထားသည့် စည်းကမ်းချက်များ နှင့်အညီ ဖွင့်လှစ်ရခြင်းဖြစ်သဖြင့် မူလရည်ရွယ်ထားသည့် တစ်နိုင်ငံလုံးရှိ သင်တန်းသား အရေ အတွက်အတိုင်း ဖွင့်လှစ်နိုင်ခြင်း မရှိသော်လည်း ပထမအဆင့်အနေဖြင့် ပြည်ထောင်စုရှေ့နေချုပ် ရုံးရှိ ဥပဒေအရာရှိများအတွက် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးရခြင်း ဖြစ်ကြောင်း၊ ဒီသင်တန်းမှာ ဥပဒေမူကြမ်း ရေးဆွဲရေး လမ်းညွှန်စာအုပ်ပါ ဖော်ပြချက်များကို လက်တွေ့အသုံးချနိုင်ရန် နမူနာ လေ့ကျင့်ခန်းများ ပူးတွဲလျက် သင်ကြားလေ့ကျင့် ပေးသွားမှာဖြစ်ကြောင်း၊ သင်တန်းတွင် ဥပဒေ စိစစ်အကြံပြုရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများက ဥပဒေကြမ်း ရေးဆွဲပုံ၊ စိစစ်ပုံများနှင့် တစ်ဆင့်ခံ ဥပဒေကြမ်းများ ရေးဆွဲပုံ၊ စိစစ်ပုံများကို လေ့ကျင့်ခန်းများ နှင့်တကွ သင်ကြားပြသပေးမည် ဖြစ်သည့်အတွက် အလွန်ပင် တန်ဖိုးကြီးမားသော သင်တန်း တစ်ခုဖြစ်ကြောင်း၊ သင်တန်းဆရာများ၏ ပညာရပ်အမွေကို သင်တန်းသားများက အထူးဝီရိယ ထား၍ လက်ဆင့်ကမ်း ခံယူပေးကြပါရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားပါသည်။
အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ဒုတိယရှေ့နေချုပ် ဦးစန်းလွင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ ကြပြီး၊ အခမ်းအနားအပြီးတွင် စုပေါင်းအမှတ်တရ ဓါတ်ပုံရိုက်ကူးကြပါသည်။ သင်တန်းကာလမှာ ရက်သတ္တ ၂ ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
