(၂၀) ကြိမ်မြောက် အာဆီယံအဆင့်မြင့် ဥပဒေအရာရှိကြီးများ အစည်းအဝေးကျင်းပ

နေပြည်တော်  အောက်တိုဘာ  ၂၅

(၂၀)ကြိမ်မြောက် အာဆီယံအဆင့်မြင့် ဥပဒေအရာရှိကြီးများ အစည်းအဝေး(ASLOM)ကို အောက်တိုဘာ ၂၅ ရက်မှစတင်၍ ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပလျက်ရှိရာ အဆိုပါအစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဦးစန်းလွင်က အာဆီယံ အဆင့်မြင့် ဥပဒေအရာရှိကြီးများ အစည်းအဝေးအလှည့်ကျ ဥက္ကဋ္ဌအနေဖြင့် တက်ရောက်ပြီး ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်နှင့်အတူ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်နိုင် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်သည်။ အစည်းအဝေးသို့ အာဆီယံ ၁၀ နိုင်ငံမှ အဆင့်မြင့် ဥပဒေအရာရှိကြီးများလည်း တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဦးစန်းလွင်က (၁၉)ကြိမ်မြောက် ASLOM အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူစဉ် ပြစ်မှုဆိုင်ရာကိစ္စရပ်များတွင် ဥပဒေရေးရာ အပြန်အလှန် အကူအညီ ပေးရေးအပေါ် ဗဟိုအာဏာပိုင်အဖွဲ့များ၏ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (SOM-MLAT)နှင့် ပြစ်မှုဆိုင်ရာကိစ္စရပ်များတွင် ဥပဒေရေးရာ အပြန်အလှန် အကူအညီပေးရေး ဗဟိုအာဏာပိုင်အဖွဲ့များ၏ အာဆီယံဝန်ကြီးများ/ ရှေ့နေချုပ်များ အစည်းအဝေး(AMAG–MLAT)နှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို အတည်ပြုနိုင်ခဲ့ကြောင်း၊ ယင်းကိစ္စရပ်များသည် အာဆီယံ အဆင့်မြင့် ဥပဒေအရာရှိကြီးများ အစည်းအဝေး (ASLOM)၏ ဆောင်ရွက်ချက်များအနက် အောင်မြင်မှု ဖြစ်ပါကြောင်း၊ တရားခံလွှဲပြောင်းရေး သဘောတူစာချုပ်၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ ဧပြီလတွင် video conference ဖြင့် ကျင်းပခဲ့ကြောင်း၊ မြန်မာ နိုင်ငံသည် အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ အသိုက်အဝန်း အပါအဝင် အာဆီယံကဏ္ဍ အသီးသီးမှ ကျင်းပခဲ့သည့် များစွာသော အစည်းအဝေးများတွင် ပါဝင်ခဲ့ပါကြောင်း ဆွေးနွေးပြော ကြားပြီး (၁၉)ကြိမ်မြောက် ASLOM အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို (၂၀)ကြိမ်မြောက် ASLOM အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည့် မလေးရှားနိုင်ငံ ရှေ့နေချုပ်ရုံးသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

အဆိုပါအစည်းအဝေးတွင် အာဆီယံတရားခံလွှဲပြောင်းရေးသဘောတူစာချုပ်၏ ဖြစ်ပေါ် တိုးတက်မှုကိစ္စ၊ အာဆီယံအစိုးရဥပဒေအရာရှိများနှင့်စပ်လျဉ်းသည့်ကိစ္စ၊ အာဆီယံ ဥပဒေ သတင်အချက်အလက်ဆိုင်ရာ အာဏာပိုင်အဖွဲ့နှင့် စပ်လျဉ်းသည့်ကိစ္စ၊ ASEAN Government Law Directory၊  အာဆီယံ ကုန်သွယ်ရေးဥပဒေလိုက်လျောညီထွေဖြစ်စေရေးကိစ္စ၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများအကြား အပြစ်ကျတရားခံ အပြန်အလှန်လွှဲပြောင်းပေးရေးကိစ္စ၊ ပြစ်မှုတားဆီး ကာကွယ်ရေးနှင့် ပြစ်မှုတရားစီရင်ရေးကိစ္စ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား တရားစီရင် ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စ၊ အာဆီယံအဖွဲ့ဝင် နိုင်ငံများ အကြား တရားမနှင့် ကုန်သွယ်ရေးဆိုင်ရာကိစ္စရပ်များတွင် ဥပဒေဆိုင်ရာ အပြန်အလှန် အကူအညီပေးရေးကိစ္စ၊ အာဆီယံအဖွဲ့ဝင် နိုင်ငံများအကြား ဥပဒေဖြင့် အသက်မွေးဝမ်းကျောင်း ပြုသူများနှင့်စပ်လျဉ်းသည့် ကိစ္စ၊ အာဆီယံ ဥပဒေပညာရှင်များအသင်းနှင့် စပ်လျဉ်းသည့်ကိစ္စ၊ ပြစ်မှုဆိုင်ရာကိစ္စရပ် များတွင် ဥပဒေရေးရာ အပြန်အလှန် အကူအညီပေးရေးစာချုပ် နှင့်စပ်လျဉ်းသည့် ကိစ္စရပ်များကို  ဆွေးနွေးကြမည် ဖြစ်ကြောင်းနှင့် အစည်းအဝေးကို ၂၀၂၁  ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့ နှင့် ၂၆ ရက်နေ့ (၂)ရက်တာ ကျင်းပမည် ဖြစ်ကြောင်းသိရသည်။                                                                                                                                                                                               (သတင်းစဉ်)