ဥပဒေရေးရာဝန်ကြီးဌာန၏ တရားမမှုများလိုက်ပါ ဆောင်ရွက်ခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲ ကျင်းပ

နေပြည်တော်၊ နိုဝင်ဘာ ၂၂

ဥပဒေရေးရာဝန်ကြီးဌာနသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ၏ လမ်းညွှန်ချက် နှင့်အညီ ဥပဒေအသိပညာ ပြန့်ပွားရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ တရားမမှုများ လိုက်ပါဆောင်ရွက်ခြင်း ဆိုင်ရာသင်တန်း အမှတ်စဉ်(၁/၂၀၂၁)ဖွင့်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ပိုင်းအချိန်တွင်  ဥပဒေရေးရာဝန်ကြီးဌာန၌ ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားတွင် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာသီတာဦးက ဥပဒေရေးရာဝန်ကြီးဌာနသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌ၏ လမ်းညွှန်ချက်နှင့်အညီ ဥပဒေအသိပညာ ပြန့်ပွားရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ဥပဒေရေးရာဝန်ကြီးဌာနမှ အရာထမ်းများအတွက် ဘာသာရပ်ဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာန၊ မဟာဗျူဟာ စီမံကိန်း (၂၀၂၀-၂၀၂၄)၏ မဟာဗျူဟာ ရည်မှန်းချက်ပါ ဝန်ထမ်းများ စွမ်းဆောင်ရည် မြှင့်တင်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် ဥပဒေအရာရှိများ အနေဖြင့် နိုင်ငံတော်က တရားလို သို့မဟုတ် တရားပြိုင် အဖြစ်ပါဝင်သော တရားမမူလမှု၊ တရားမအယူခံမှု၊ တရားမ ပြင်ဆင်မှုနှင့် တရားမ အထူးအယူခံမှုများ နှင့်စပ်လျဉ်း၍ ဥပဒေအကြံဉာဏ်ပေးခြင်းနှင့် နိုင်ငံတော်ဘက်မှ လိုက်ပါခြင်းများ ဆောင်ရွက်ကြရာတွင် ဥပဒေ ပြဌာန်းချက်များနှင့်အညီ ထိရောက်မှန်ကန်စွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ယခုသင်တန်းကို ဖွင့်လှစ်သင်ကြားပေးရခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံတော်မှ တရားလို သို့မဟုတ် တရားပြိုင်အဖြစ် ဆောင်ရွက်သည့် အမှုများတွင် နိုင်ငံတော် ကိုယ်စား လိုက်ပါဆောင်ရွက်ရသည့် ဥပဒေအရာရှိများသည် နိုင်ငံတော်ဘက်မှ အားသာမှုရရှိ စေရေး၊ နစ်နာမှု မရှိစေရေး ဆောင်ရွက်ပေးရန် တာဝန်ရှိပါကြောင်း၊  သင်တန်းသားများ အနေဖြင့် သင်တန်းဆရာများ၏ သင်ကြားပေးမှုများကို ဂရုတစိုက်မှတ်သား နာယူကြပါရန် တိုက်တွန်းမှာကြား လိုကြောင်း ပြောကြားသည်။

သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းဆရာများ နှင့် သင်တန်းသား သင်တန်းသူများတက်ရောက်ကြပြီး သင်တန်းကာလမှာ စုစုပေါင်း(၁၁)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရပါသည်။

(သတင်းစဉ်)