ဝန်ကြီးဌာနများအတွက် စီးပွားရေး စာချုပ်စာတမ်းများဆိုင်ရာ အခြေခံသင်တန်း အမှတ်စဉ် ၂/၂၀၂၂ သင်တန်းဖွင့်ပွဲကျင်းပ

နေပြည်တော်၊ နိုဝင်ဘာ ၂၃

ဥပဒေရေးရာဝန်ကြီးဌာန၏ စီးပွားရေး စာချုပ်စာတမ်းများဆိုင်ရာ အခြေခံသင်တန်း အမှတ်စဉ် ၂/၂၀၂၁ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၃-၁၁-၂၀၂၁ ရက်နေ့ နံနက် ၀၉:၃၀ နာရီ အချိန်တွင် ဥပဒေ‌ရေးရာဝန်ကြီးဌာနရှိ၊ မြေညီထပ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပါသည်။

ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက အဖွင့်အမှာစကား ပြောကြားရာတွင် ဥပဒေရေးရာဝန်ကြီးဌာနသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ၏ လမ်းညွှန်ချက်နှင့်အညီ ဥပဒေအသိပညာ ပြန့်ပွားရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ဥပဒေ ရေးရာဝန်ကြီးဌာနမှ အရာထမ်းများကို စီးပွားရေး စာချုပ်စာတမ်းများ ချုပ်ဆိုခြင်းနှင့် စိစစ်ခြင်းဆိုင်ရာ သင်တန်းများကို ဖွင့်လှစ်ပို့ချပေးခဲ့ကြောင်း၊ ယခုအခါ အခြားသော ပြည်ထောင်စုဝန်ကြီးဌာနများ အတွက် စီးပွားရေး စာချုပ်စာတမ်းများ ချုပ်ဆိုခြင်းဆိုင်ရာ အခြေခံသင်တန်းကို ဖွင့်လှစ်၍ သင်တန်း တက်ရောက်ပြီးသော အရာထမ်းများမှတစ်ဆင့် သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် ဆင့်ပွားသင်တန်း များ ဆက်လက်ဖွင့်လှစ် ပို့ချနိုင်စေရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုသင်တန်းသို့ ကာကွယ်ရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနနှင့် ဥပဒေရေးရာဝန်ကြီး ဌာနတို့မှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၄၀ ဦးတို့သည် ကိုဗစ်ရောဂါ ကာကွယ်ရေး စည်းကမ်း ချက်များနှင့်အညီ တက်ရောက်ကြမည်ဖြစ်ပြီး သင်တန်းကာလမှာ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက် နေ့မှ ၂၆ ရက်နေ့ထိ ဖြစ်ကြောင်း၊ ယခုသင်တန်း ဖွင့်လှစ်ရခြင်းမှာ ဥပဒေရေးရာဝန်ကြီးဌာန၊ တရားမျှတရေးအတွက် ဥပဒေဝန်ဆောင်မှု မဟာဗျူဟာစီမံကိန်း (၂၀၂၀-၂၀၂၄)၏ မဟာဗျူဟာ ရည်မှန်းချက်နှင့်အညီ ဥပဒေရေးရာဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာနများမှ စာချုပ်စာတမ်းပြုစု စိစစ်ရသည့် တာဝန်ရှိသူများအနေဖြင့် စီးပွားရေး စာချုပ်စာတမ်းများ ပြုစုခြင်း၊ စိစစ်အကြံပြုခြင်း တို့တွင် အချိန်နှင့် တစ်ပြေးညီ အရည်အသွေးပြည့်မီသော ဥပဒေအကြံဉာဏ်ပေးနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာနသည် ပြည်ထောင်စုရှေ့နေချုပ် ဥပဒေပုဒ်မ  ၁၂(ဌ)အရ နားလည်မှုစာချွန်လွှာများ ၊ သဘောတူညီချက်  မှတ်တမ်းများ၊ ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ စာချုပ်စာတမ်းများ၊ အခြားစာချုပ်စာတမ်းများ နှင့်စပ်လျဉ်း၍ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများအား ဥပဒေအကြံဉာဏ် ပေးရကြောင်း၊ အစိုးရဌာန အဖွဲ့အစည်းများအနေဖြင့် သဘောတူ စာချုပ်များ ချုပ်ဆိုရာတွင် လိုက်နာဆောင်ရွက်ရမည့် လမ်းညွှန်ချက်များကို အမိန့်ကြော် ငြာစာ အမှတ်   ၄၁/၂၀၁၈   ဖြင့်  နိုင်ငံတော်သမ္မတရုံးက ၁-၆-၂၀၁၈ ဖြင့် ထုတ်ပြန်ထားကြောင်း၊ စာချုပ်များသည် တင်ဒါခေါ်ယူ၍ ဆောင်ရွက်ခြင်းဖြစ်ပါက နိုင်ငံတော်သမ္မတရုံး၏ တင်ဒါဆိုင်ရာ ညွှန်ကြားချက် ၁/၂၀၁၇ နှင့်အညီ လိုက်နာဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ နိုင်ငံပိုင်မြေ၊ အဆောက်အအုံများ ငှားရမ်းခြင်း၊ လွှဲပြောင်းခြင်းနှင့် အကျိုးတူ လုပ်ကိုင်ခြင်းများအတွက် နိုင်ငံတော် သမ္မတရုံး၏ ၁၀-၁၂-၂၀၁၈ ရက်စွဲဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် ၃/၂၀၁၈ ကို လိုက်နာဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာန အနေဖြင့် နိုင်ငံတော်အစိုးရ အဖွဲ့အစည်းများနှင့် ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံသူများ၊ ကုမ္ပဏီများ၊ အဖွဲ့အစည်းများအကြား ယုံကြည်စိတ်ချမှု၊ စီးပွားရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ဥပဒေရေးရာ ခိုင်မာမှုများ ရှိစေရေးအတွက် ချုပ်ဆိုမည့် စီးပွားရေး စာချုပ်စာတမ်းများအပေါ်တွင် စာချုပ်ဝင် နှစ်ဦးနှစ်ဖက် နစ်နာမှုများ မရှိစေရန် တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ နှင့်အညီ စိစစ်သုံးသပ် အကြံပြုပြန်ကြားပေး ရပါကြောင်း၊ စီးပွားရေး လုပ်ငန်းစာချုပ်များမှာ လုပ်ငန်းသဘောသဘာဝအပေါ် မူတည်၍ စာချုပ် အမျိုးအစား အမျိုးမျိုးကွဲပြား နိုင်သော်လည်း အခြေခံမူဘောင် သဘောတရားများကို သိရှိနားလည်ရန် အရေးကြီးပါကြောင်း၊ ယခုသင်တန်း တက်ရောက်သည့် ဌာနဆိုင်ရာ အရာရှိများအနေဖြင့် စီးပွား‌ရေး စာချုပ်စာတမ်းများ စိစစ်ခြင်းဆိုင်ရာ ဥပဒေအခြေခံသဘောတရားများကို စာတွေ့လက်တွေ့ လေ့လာ နိုင်ခြင်းအားဖြင့် မိမိတို့၏ အရည်အသွေးများ ပိုမိုတိုးတက် မြင့်မားလာစေမည် ဖြစ်သောကြောင့် ယခုသင်တန်းတွင် သေချာစွာမှတ်သား လေ့လာရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။

                                                                                                           (သတင်းစဉ်)