ဥပဒေရေးရာဝန်ကြီးဌာန၏ ဥပဒေအရာရှိ အဆင့်-၄(အစမ်းခန့်)များ လုပ်ငန်းခွင်ဝင် သင်တန်း အမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲ ကျင်းပ

နေပြည်တော်၊  မတ်  ၂၉

ဥပဒေရေးရာဝန်ကြီးဌာန၏ ဥပဒေအရာရှိ အဆင့်-၄(အစမ်းခန့်)များ လုပ်ငန်းခွင်ဝင် သင်တန်း အမှတ်စဉ်(၁/၂၀၂၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ဥပဒေ ရေးရာဝန်ကြီးဌာန၌ ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားတွင် ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဦးစန်းလွင်က ယခုသင်တန်းသည် ပြည်ထောင်စုရှေ့နေချုပ်နည်းဥပဒေ ၁၇၁ နှင့်အညီ ရွေးချယ် ခန့်ထားပြီးသော ဥပဒေအရာရှိ အသစ်များကို လုပ်ငန်းခွင်ဝင် သင်တန်းပေးရန်၊ ဥပဒေအရာရှိ ကျင့်ဝတ်များ၊ နိုင်ငံဝန်ထမ်းကျင့်ဝတ် သိက္ခာများနှင့် ဝန်ထမ်းစည်းမျဉ်း စည်းကမ်းများကို သိရှိ နားလည်ပြီး လေးစားလိုက်နာတတ်စေရန်၊ ပြည်ထောင်စုရှေ့နေချုပ်ဥပဒေ၊ နည်းဥပဒေပါ ပြဌာန်းချက်များ၊ ဥပဒေရေးရာဝန်ကြီးဌာန၏ ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များ၊ ဥပဒေအရာရှိ များ၏ လုပ်ငန်းတာဝန်များကို ကျေညက်စွာသိရှိနားလည်ပြီး မိမိတို့၏လုပ်ငန်းတာဝန် များကို ကောင်းမွန်စွာ ဆောင်ရွက်တတ်စေရန် စီမံရေးရာကိစ္စရပ်များ၊ ငွေစာရင်း ပြုစုရေးဆွဲ ထိန်းသိမ်းခြင်းဆိုင်ရာ ကိစ္စရပ်များကို သိရှိနားလည် လိုက်နာဆောင်ရွက် တတ်စေရန်၊ ဥပဒေ အရာရှိငယ်များ၏ လုပ်ငန်းခွင်ကျွမ်းကျင်မှု မြင့်မားတိုးတက်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း၊ အသစ်ခန့်အပ်ပြီးသော ဥပဒေအရာရှိများ အနေဖြင့် နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန် ထမ်းဆောင်ရသည်မှာ တာဝေးပြေးပွဲဖြစ်ကြောင်း၊ တာတိုတွင်ခွန်အား၊ တာလတ်မှာ သက်လုံ၊ တာဝေးတွင် စိတ်ဓါတ် ဆိုသကဲ့သို့ ရေရှည်အတွက် ရည်မှန်းချက်ထားကာ ကြိုးစားဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ဥပဒေများကို ကျွမ်းကျင်ပိုင်နိုင်အောင် လေ့လာရမည့်အပြင် အင်္ဂလိပ်စာ ကိုလည်း ကျွမ်းကျင်အောင် လေ့လာကြရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားပါသည်။

သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းဆရာများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။

သင်တန်းကို သင်တန်းသား ၅၀ ဦး၊ သင်တန်းသူ ၅၀ ဦး စုစုပေါင်း ၁၀၀ ဦးဖြင့် ၄၆ ရက်ကြာ ဖွင့်လှစ်မည်ဖြစ်ပြီး လုပ်ငန်းခွင်ဝင်မည့် ဥပဒေအရာရှိ အဆင့်-၄ များ တတ်မြောက် ရမည့် Legal English ဘာသာရပ်၊ စီမံရေးရာဘာသာရပ်၊  တရားစွဲနှင့်အမှုလိုက်ဘာသာရပ်နှင့် သရုပ်ပြ တရားခွင်တို့ဖြင့် သင်ကြားပို့ချ လေ့ကျင့်ပေးမည် ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)