ဥပ‌ဒေရေးရာဝန်ကြီးဌာန၏ ၂၀၂၂ ခုနှစ် မဟာသင်္ကြန်အကြို စတုဒိသာ ကျွေးမွေး၍ ပျော်ပွဲရွှင်ပွဲ ကျင်းပပြုလုပ်

နေပြည်တော်   ဧပြီ   ၆

ဥပဒေရေးရာဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော အရာထမ်း၊ အမှုထမ်းများ၏ ၂၀၂၂ ခုနှစ်၊ မဟာသင်္ကြန်အကြို စတုဒိသာ ကျွေးမွေးခြင်းနှင့်  ပျော်ပွဲရွှင်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁ဝး၃၀ နာရီ အချိန်တွင် ပြည်ထောင်စုဝန်ကြီးရုံး၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ယခုနှစ်သင်္ကြန် အကြိုပွဲသည် ဥပဒေရေးရာ ဝန်ကြီးဌာန ဖွဲ့စည်းပြီးနောက် ပထမဆုံးအကြိမ် ကျင်းပသည့် အခမ်းအနားဖြစ်ပါကြောင်း၊ အရာထမ်း၊ အမှုထမ်းများအနေဖြင့် နှစ်သစ်တွင် ပျော်ရွှင်ကျန်းမာ ကြပါစေကြောင်းနှင့် စိတ်သစ် ကိုယ်သစ်ဖြင့် နိုင်ငံ့တာဝန် မိသားစုတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်သူများ ဖြစ်ကြ ပါစေကြောင်း၊ ကမ္ဘာသူကမ္ဘာသား အားလုံးနှင့် မြန်မာနိုင်ငံသား အားလုံးလည်း ကပ်ရောဂါ ဘေးအန္တရာယ် အပေါင်းမှ ကင်းဝေးပြီး ချမ်းသာ သုခနှင့် ပြည့်စုံပါစေကြောင်း ဆု‌တောင်းမေတ္တာ ပို့သပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်၊ ညွှန်ကြားရေးမှူးချုပ်များ ကလည်း နှစ်သစ်အတွက် ဆုတောင်းစကား အသီးသီး ပြောကြားကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဦးစန်းလွင်တို့က ဝန်ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်း များအား စတုဒိသာ ကျွေးမွေးနေမှုများ၊ သင်္ကြန်တေးသီချင်းများဖြင့် ကပြဖျော်ဖြေနေမှုများကို ကြည့်ရှုအားပေးကြပြီး ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။

(သတင်းစဉ်)