တရားလွှတ်တော်‌ရှေ့နေများကောင်စီအစည်းအဝေး အမှတ်စဉ် ၂/၂၀၂၂ ကျင်းပပြုလုပ်

နေပြည်တော်  ဧပြီ  ၂၈

တရားလွှတ်တော်‌ရှေ့နေများကောင်စီ အစည်းအဝေးအမှတ်စဉ် ၂/၂၀၂၂ ကို နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်၊ နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း၊ Cluster–1, တိုက်အမှတ်(၆)ရှိ တရားလွှတ်တော်‌ရှေ့နေများကောင်စီရုံးတွင် ကျင်းပပြုလုပ်သည်။

အစည်းအဝေးတွင် ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်၊ တရားလွှတ်တော်ရှေ့နေများကောင်စီဥက္ကဋ္ဌ ဒေါက်တာသီတာဦးက ကောင်စီအစည်းအဝေးများကို ၃ လတစ်ကြိမ် ကျင်းပခြင်းဖြစ်ကြောင်း၊ ယနေ့အစည်းအဝေးတွင် ရှေ့နေကျင့်ဝတ်ဖောက်ဖျက် သည့် တရားလွှတ်တော်ရှေ့နေများအပေါ် အရေးယူမှု ပြုလုပ်ရန် သင့်၊ မသင့်နှင့် တရားလွှတ်တော် ရှေ့နေအဖြစ် စာရင်းတင်သွင်းခွင့်ပြုရန် လျှောက်ထားသည့် အထက်တန်းရှေ့နေ (၁၂၁)ဦးတို့ကို Enrol စိစစ်ပြီးဖြစ်၍ အစည်းအဝေးမှာ ဆွေးနွေးညှိနှိုင်း ဆုံးဖြတ်ပြီး  တရားလွှတ်တော်ရှေ့နေများကောင်စီ အနေဖြင့် ကန့်ကွက်ရန် ရှိ- မရှိကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ သဘောထားပြန်ကြားပေး ရမှာဖြစ်ကြောင်း၊ ကောင်စီဝင်များက သုတေသန စာတမ်းများ တင်ပြရန်ရှိက တင်ပြနိုင်ပါကြောင်း၊ တရားလွှတ်တော်ရှေ့နေများ၏ ရှေ့နေကျင့်ဝတ်ဆိုင်ရာများ၊ ဥပဒေလက်တွေ့ အသုံးချမှုများ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝန်ကြီးဌာနများ၏ ဥပဒေအကောင်အထည် ဖော်ဆောင်ခဲ့မှုများ၊ တရားဥပဒေ စိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာ ကိစ္စများအတွက် သင်တန်းများ ပို့ချပေးရန် ကောင်စီ၌စီစဉ်သင့် ကြောင်း၊ တရားလွှတ်တော်ရှေ့နေများကောင်စီ၏ Logo တံဆိပ် သတ်မှတ်နိုင်ရေးကိစ္စ၊ ပြက္ခဒိန်နှင့် DIARY စာအုပ် ထုတ်ဝေနိုင်ရေးကိစ္စများကို ဆွေးနွေးပေးကြစေလိုကြောင်း၊ တရားလွှတ်တော်ရှေ့နေ ဟုတ်-မဟုတ် စိစစ်ပြန်ကြားပေးရန် ကိစ္စများလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က အခါအားလျော်စွာ မေးမြန်း စုံစမ်းမှုများရှိ၍ စိစစ်ပြန်ကြား‌ပေးခဲ့ရတာ များလည်းရှိကြောင်း၊ နောက်တစ်ချက် အနေဖြင့် အကြောင်း အမျိုးမျိုးကြောင့် အထက်တန်းရှေ့နေလိုင်စင် သက်တမ်းတိုးရန် ပျက်ကွက်ခဲ့ပြီး (နှစ်လွန်) အထက်တန်းရှေ့နေလိုင်စင် သက်တမ်းတိုးခွင့်ပြုရန် အသနားခံစာများကို တရားလွှတ်တော်ရှေ့နေများ ကောင်စီက လက်ခံရရှိခဲ့၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ လွှဲပြောင်းပေးခဲ့ကြောင်း၊ တရားလွှတ်တော် ရှေ့နေမှတ်ပုံတင်ကတ် (Smart Card)များကို ၁ တစ်ကတ်လျှင် ၁၅၀၀ ကျပ် နှုန်းဖြင့် ဈေးနှုန်းသက်သာစွာ ပြုလုပ်ပေးလျက်ရှိကြောင်း ပြောကြားပြီး အစည်းအဝေးကို အစည်းအဝေး အစီ အစဉ်များအတိုင်း ကျင်းပပြုလုပ်ပါသည်။

အဆိုပါ အစည်းအဝေးသို့ တရားလွှတ်တော်ရှေ့နေများကောင်စီ ဥက္ကဋ္ဌ ဦးဆောင်၍ ကောင်စီ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဥပဒေရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဦးစန်းလွင်၊ တရားလွှတ်တော်ရှေ့နေများ ဖြစ်ကြသော ဦးမြသိန်း၊ ဒေါ်ခင်နုသာ၊ ဦးလှဟန်၊ ဦးစိုးမြင့်၊ ဦးစိုးသိန်း၊ ဦးဝင်းဖေ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုတရားစီရင်ရေး ကြီးကြပ် မှုရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုး၊ တရားလွှတ်တော်ရှေ့နေများကောင်စီ အတွင်းရေးမှူး ဥပဒေရေးရာဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီသီမြင့်နှင့် ဒုတိယအမြဲတမ်းအတွင်းဝန် ဒေါ်တင့်တင့်ဟန်တို့က စုံညီစွာ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို နေ့လယ် ၁၁:၅၀ နာရီ အချိန်ထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

                                                                                        (သတင်းစဉ်)