နေပြည်တော် ဇွန် ၇

ဥပဒေရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ၂၀၂၂ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲနှင့် ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားအား ယနေ့ နံနက် ၉း၀၀ နာရီ အချိန်က ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ရုံးအဝင်လမ်းဘေးရှိ တစ်ဖက် ပိတ်ဆည်အတွင်းသို့ ငါးကြင်းသားပေါက်များကို စိုက်ထည့်ပေးပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဦးစန်းလွင်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများက ဆည်အတွင်းသို့ ငါးကြင်း သားပေါက် ကောင်ရေ ၃၀၀၀ ကို စိုက်ထည့်ပေးကြသည်။ ယင်းနောက် ရုံးအနောက်ဘက် ကွန်ကရစ်လမ်း ဝဲ/ယာရှိ သတ်မှတ်နေရာ အသီးသီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ်၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း/ အမှုထမ်းများက ကျွန်း၊ ငု၊ ငုချယ်ရီ၊ ကံ့ကော်၊ ခရေ၊ သပြေ၊ စိန်ပန်းပင်ကြီး၊ ပျဉ်းမ၊ သီဟိုဠ် စုစုပေါင်း ၁၃၅ ပင် အား စိုက်ပျိုးပေးခဲ့ကြပါသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် အရာထမ်း/ အမှုထမ်းများ၏ သစ်ပင်စိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။ အဆိုပါ အခမ်းအနားကို နံနက် ၁၀ နာရီ အချိန်တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
