ဥပဒေရေးရာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်အား မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးမှ လာရောက်ဂါရဝပြုတွေ့ဆုံဆွေးနွေး

နေပြည်တော်၊ မေ ၂၄

ဥပဒေရေးရာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်သည် ယနေ့ မွန်းလွဲ ၁ နာရီတွင် ဥပဒေရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံ အမတ် H.E. Mr .Chen Hai အား လက်ခံတွေ့ဆုံခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်သည် တရုတ်နိုင်ငံ၊ ဟောင်ကောင်မြို့ တွင် ကျင်းပပြုလုပ်ခဲ့သော ၅၉ ကြိမ်မြောက် အာရှ-အာဖရိက ဥပဒေအတိုင်ပင်ခံအဖွဲ့( Asia-Africa Legal Consultative Organization-AALCO)ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး H.E Mr. Wong Yi ၏ ဖိတ်ကြားချက်အရ တက်ရောက်ခဲ့ပါကြောင်းနှင့် AALCO ညီလာခံတွင် တရုတ်နိုင်ငံမှ အဆိုပြုသော theme ဖြစ်သည့် “Upholding International Law for A Community of Shared Future: the Role of Asian and African Countries” အပေါ်ထောက်ခံ ဆွေးနွေးခဲ့ပါကြောင်း၊ တရုတ်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို အခြေခံ၍ တရုတ်နိုင်ငံ China- ASEAN Legal Research Center နှင့် ဥပဒေရေးရာဝန်ကြီးဌာနတို့အကြား နားလည်မှု စာချွန်လွှာ(MoU)ကို လက်မှတ်ရေးထိုးရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါ MoU အရ Legislative Research, Cultivation of Legal Talents နှင့် Legal Consulting Services နယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ capacity building နှင့် စပ်လျဉ်း၍ ဥပဒေရေးရာဝန်ကြီးဌာနမှ ဥပဒေအရာရှိများအား လုပ်ငန်းစွမ်းဆောင်ရည်မြှင့် တင်နိုင်ရန်အတွက် တရုတ်နိုင်ငံသို့စေလွှတ်၍ ပညာသင်ကြားစေခဲ့ပါကြောင်း၊ ပညာသင်သွား ရောက်သည့် ကျောင်းသားများအား ဥပဒေရေးရာကိစ္စရပ်နှင့် နိုင်ငံတကာအတွေ့အကြုံများ ရရှိရေးလေ့လာ စေလျက်ရှိပါကြောင်း၊ China-ASEAN Prosecutors General Conference အား မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် ကျင်းပနိုင်ရေးအတွက် တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ဆွေးနွေးလျက်ရှိပါကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအား ပံ့ပိုးကူညီပေးမှုများအပေါ် အထူးကျေးဇူးတင်ရှိပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး H.E. Mr.Chen Hai က မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် မိုခါမုန်တိုင်းဒဏ် ထိခိုက်ခံစားခဲ့ရသည့် ဒေသခံပြည်သူများအပေါ် စာနာထောက်ထားမိပါကြောင်း၊ တရုတ်နိုင်ငံက ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ပံ့ပိုးကူညီဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာနနှင့် လက်မှတ်ရေး ထိုးမည့် MoU ကိစ္စရပ်အပေါ် လိုအပ်သည်များကူညီ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ဥပဒေ ပြုရေး၊ တရားစီရင်ရေးနှင့် တရားဥပဒေစိုးမိုးရေး ကိစ္စရပ်များတွင် တရုတ်နိုင်ငံက ပိုမိုပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်ရေနက်ဆိပ်ကမ်း စီမံကိန်းအား အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားလိုပါကြောင်း ဆွေးနွေးခဲ့ပါသည်။

(သတင်းစဉ်)