ဥပဒေဘာသာပြန်ကော်မရှင်၊ လုပ်ငန်းကော်မတီနှင့် လုပ်ငန်းအဖွဲ့ငယ်များ၏ (၁၃)ကြိမ်မြောက် အစည်းအဝေးကျင်းပ

ဥပဒေဘာသာပြန်ကော်မရှင်၊ လုပ်ငန်းကော်မတီနှင့် လုပ်ငန်းအဖွဲ့ငယ်များ၏ (၁၃)ကြိမ် မြောက် အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ဥပဒေဘာသာပြန်ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာသီတာဦးက ယခု အစည်းအဝေးသည် မိမိကော်မရှင်ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်စဉ်ကာလ၌ ၆ ကြိမ် မြောက် ကျင်းပပြုလုပ်သည့် အစည်းအဝေး ဖြစ်ကြောင်း၊ ယင်းကာလတွင် ဥပဒေဘာသာပြန် စာအုပ်အမှတ် (၉)၊ (၁၀)၊ (၁၁) အဖြစ် စာအုပ် (၃)အုပ်နှင့် ရာဇသတ်ကြီး (The Penal Code )ကို မြန်မာဘာသာသီးသန့်ဖြင့် လည်းကောင်း၊ (မြန်မာ-အင်္ဂလိပ်နှစ်ဘာသာ)ဖြင့်လည်းကောင်း ပုံနှိပ် ထုတ်ဝေနိုင်ခဲ့ကြောင်း၊ ယုံမှတ်အပ်နှံမှု အက်ဥပဒေ(The Trusts Act)ကိုလည်း စာအုပ်အမှတ် (၁၂)အဖြစ် မကြာမီ ပုံနှိပ်ထုတ်ဝေတော့မည် ဖြစ်ကြောင်း၊ ကော်မရှင်အနေဖြင့် ဘာသာပြန်ဆိုရန် တာဝန်ရှိသည့် ဥပဒေပေါင်း ၈၁ ခုရှိသည့်အနက် ဥပဒေ ၃၂ ခုကို ဘာသာပြန်ဆိုအတည်ပြုနိုင်ခဲ့ပြီးဖြစ်သည့်အားလျော်စွာ ရာဇသတ်ကြီး ကဲ့သို့ အလွန်အရေးပါပြီး လက်တွေ့လုပ်ငန်းနယ်ပယ်တွင် လုပ်ထုံးလုပ်နည်းဥပဒေများအဖြစ် ကျင့်သုံး လျက်ရှိသည့် The Code of Criminal Procedure၊ The Code of Civil Procedure နှင့် The Evidence Act တို့၏ မြန်မာဘာသာပြန်ဆိုချက်များကိုလည်း ဆွေးနွေးအတည်ပြုနိုင်ရေး အတွက် ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ယခုအစည်းအဝေးတွင် ဥပဒေ(၈)ခုဖြစ်သည့် The Destruction of Records Act (မှတ်တမ်းများ ဖျက်ဆီးခြင်းအက်ဥပဒေ)၊ The State Grants Act (နိုင်ငံတော်ဂရန်မြေများ အက်ဥပဒေ၊ The Explosive Substances Act (ပေါက်ကွဲစေတတ်သော ပစ္စည်းများ အက်ဥပဒေ)၊ The Bankers’ Books Evidence Act (ဘဏ်လုပ်ငန်းရှင်များ၏ စာရင်းစာအုပ်များ သက်သေခံ အက်ဥပဒေ)၊ The Mussalman Wakf Validating Act (မွတ်စလင်ဝါကပ်ဖ်ကို တရားဝင်အောင် ပြုမှုအက်ဥပဒေ)၊ The Hindu Law of Inheritance Amendment Act (ဟိန္ဒူဘာသာဝင်များ၏ အမွေဆက်ခံခြင်း ပြင်ဆင်ချက်အက်ဥပဒေ)၊ The Hindu Gains of Learning Act (ဟိန္ဒူများ လေ့လာသင်ယူခြင်းမှ ရရှိသည့် အကျိုးအမြတ်ဆိုင်ရာ အက်ဥပဒေ)နှင့် The Unlawful Associations Act (မတရားအသင်း အက်ဥပဒေ)တို့ကို ဆွေးနွေးအတည်ပြုမည်ဖြစ်ပြီး ဘာသာပြန်ဆိုချက်များ တည့်မတ်မှန်ကန်စေရေး အားလုံးက ဝိုင်းဝန်းဆွေးနွေး အကြံပြုစေလိုကြောင်း ပြောကြားသည်။

အစည်းအဝေးသို့ ဥပဒေဘာသာပြန်ကော်မရှင် အဖွဲ့ဝင်များ၊ လုပ်ငန်းကော်မတီနှင့် လုပ်ငန်း အဖွဲ့ငယ်များမှ အဖွဲ့ဝင်များက တက်ရောက်ဆွေးနွေးကြပြီး အစည်းအဝေးကို ၃ ရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)