နေပြည်တော် ဇွန် ၂၈

ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦးသည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E. Dr.Nikolay Listopadov အား ယနေ့ နံနက်ပိုင်းတွင် ဝန်ကြီးဌာန၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက သံအမတ်ကြီးသည် ရုရှား-မြန်မာ ကောင်းမွန်သည့် ဆက်ဆံရေးထူထောင်နိုင်ရန် ကြိုးစားနိုင်ခဲ့ခြင်းကြောင့် ဂုဏ်ထူးဆောင်တံဆိပ် ချီးမြှင့်အပ်နှင်း ခြင်း ခံရမှုအတွက် မိမိအနေဖြင့် ဂုဏ်ယူဝမ်းသာရကြောင်း၊ မိမိရုံး အနေဖြင့် ရုရှား-မြန်မာ ဆက်ဆံရေးကဏ္ဍတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးနှင့် ဥပဒေရေးရာဝန်ကြီးဌာနတို့ အကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိအနေဖြင့် ၂၀၂၂ခုနှစ်နှင့် ၂၀၂၃ ခုနှစ်တို့တွင် ရုရှားနိုင်ငံတွင် ကျင်းပပြုလုပ်သည့် စိန့်ပီတာစဘတ် အပြည် ပြည်ဆိုင်ရာ ဥပဒေဖိုရမ်သို့ တက်ရောက်ခဲ့ရာမှ ရုရှား-မြန်မာ ဥပဒေရေးရာကိစ္စရပ်များ ပူးပေါင်း ဆောင်ရွက်နိုင်ရန် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ၂၀၂၂ ခုနှစ်တွင် တက်ရောက်ခဲ့သည့် စိန့်ပီတာစဘတ် အပြည်ပြည်ဆိုင်ရာ ဥပဒေဖိုရမ်မှ ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရားရေးဝန်ကြီးက မြန်မာနိုင်ငံ ဥပဒေရေးရာဝန်ကြီးဌာနနှင့် ဥပဒေရေးရာ ပူးပေါင်းဆောင်ရွက်ရေး စာချွန်လွှာ လက်မှတ်ရေးထိုး ချုပ်ဆိုရန် ကမ်းလှမ်းခံခဲ့ရကြောင်း၊ မကြာသေးခင်အချိန်က ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ် ၏ မြန်မာနိုင်ငံခရီးစဉ်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးနှင့် ဥပဒေရေးရာဝန်ကြီးဌာနတို့ အကြား ပူးပေါင်းဆောင်ရွက်ရေး စာချွန်လွှာကို လက်မှတ်ရေးထိုး နိုင်ခဲ့ကြောင်း၊ မိမိအနေဖြင့် ရုရှားနိုင်ငံစိန့်ပီတာစဘတ်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဥပဒေရေးရာဝန်ကြီးဌာန တို့အကြား ဥပဒေရေးရာ ပူးပေါင်းဆောင်ရွက်ရေး စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ယခုအခါတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးနှင့် လက်မှတ် ရေးထိုးခဲ့သည့် စာချွန်လွှာအရ ပူးပေါင်းဆောင်ရွက်မှုများကို အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း၊ တရားရေးဝန်ကြီးဌာနနှင့်လည်း ပူးပေါင်းဆောင်ရွက်မှုများကို စတင်ရန်ဆောင်ရွက် လျက်ရှိပါကြောင်း ပြောကြားပါသည်။ ဆက်လက်၍ သံအမတ်ကြီးက မိမိအနေဖြင့် မြန်မာနိုင်ငံ ဆိုင်ရာ သံအမတ်ကြီးအဖြစ် ၇ နှစ်တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ ယင်းကာလအတွင်း နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုများကို မြှင့်တင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ နောင်အနာဂတ်တွင် လည်း ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်နိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊
ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးအနေဖြင့်လည်း ဥပဒေရေးရာဝန်ကြီးဌာနနှင့် သင်တန်းကျောင်း ဆိုင်ရာ ကိစ္စရပ်များနှင့် အကြမ်းဖက်မှု နှိမ်နှင်းခြင်းဆိုင်ရာ ကိစ္စရပ်များကို ဆက်လက်ဆောင်ရွက် သွားရန်ရှိကြောင်း၊ မိမိအနေဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မဂ္ဂဇင်းတွင် မြန်မာနိုင်ငံအကြောင်းကို ဆောင်းပါးအနေဖြင့် ထည့်သွင်းရေးသားခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် တာဝန် ထမ်းဆောင်နိုင်ခဲ့သည့် အတွက်ကြောင့်လည်း ဝမ်းမြောက်ဂုဏ်ယူပါကြောင်း မိမိအား ဘွဲ့ထူး ဂုဏ်ထူး များ ချီးမြှင့်သည့် နိုင်ငံတော်အကြီးအကဲများအားလည်း ကျေးဇူးတင်ရှိပါကြောင်းဖြင့် ရင်းနှီးပွင့်လင်းစွာ ပြောကြားပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သီသီမြင့်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဒေါက်တာဆွေဆွေအောင်၊ ဒေါက်တာသီတာစန်းနှင့် ဒေါ်ယုယုခင်တို့လည်း တက်ရောက်ကြကြောင်းသိရသည်။
သတင်းစဉ်
