နေပြည်တော်၊ ဩဂုတ်လ ၂၃ ရက်
ဥပဒေရေးရာဝန်ကြီးဌာန၊ဥပဒေသုတေသနအဖွဲ့၏ စတုတ္ထအကြိမ်စာတမ်းဖတ်ပွဲအခမ်း အနားကို ယနေ့နေ့လယ်ပိုင်းတွင် ဥပဒေရေးရာဝန်ကြီးဌာန၊ မြေညီထပ်အစည်းအဝေးခန်းမ၌ကျင်းပသည်။
စာတမ်းဖတ်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ယခုကဲ့သို့စာတမ်းဖတ်ပွဲများ ကျင်းပပေးခြင်းဖြင့် ဥပဒေရေးရာဝန်ကြီး ဌာန၊ တိုင်းဒေသကြီး/ပြည်နယ်ဥပဒေချုပ်ရုံးများနှင့် ဥပဒေရုံးအဆင့်ဆင့်၌ တာဝန်ထမ်းဆောင် နေကြသော အရာထမ်းများကို ဥပဒေအသိပညာများ တိုးတက်စေခြင်း၊ စာတမ်းဖတ်ပွဲ အတွေ့ အကြုံများ ရရှိစေခြင်းနှင့် ဥပဒေဗဟုသုတများကို အပြန်အလှန်ဆွေးနွေး ဖလှယ်နိုင်စေခြင်း၊ ဥပဒေသုတေသနလုပ်ငန်းများ တိုးတက်ကောင်းမွန်လာခြင်း စသည့်အကျိုးကျေးဇူးများ ဖြစ်ထွန်း စေမည် ဖြစ်ပါကြောင်း၊ ယခုစာတမ်းဖတ်ပွဲ မှတဆင့် ဥပဒေအသိပညာများကို အပြန်အလှန် ဆွေးနွေးဖလှယ်ကြခြင်းဖြင့် အတွေ့အကြုံနှင့် အသိပညာဗဟုသုတများ တိုးပွားလာမည်ဖြစ်ပါကြောင်း၊ သုတေသနလုပ်ငန်း များကို ပြည်တွင်းပြည်ပအဖွဲ့အစည်းများနှင့်လည်း ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေး ကြိုးပမ်းကြရန် တိုက်တွန်းလိုပါကြောင်း၊ ရရှိလာသည့် အသိပညာဗဟုသုတများဖြင့် ဌာနအကျိုး ဆထက်တစ်ပိုး ပိုမိုထမ်းရွက် နိုင်မည်ဟုယုံကြည်ပါကြောင်းပြောကြားခဲ့ပါသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်ဒေါက်တာထိန်လင်းဦး က ဥပဒေရေးရာ ဝန်ကြီးဌာန အနေဖြင့်ဝန်ကြီးဌာန၏လုပ်ငန်းများရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လိုအပ်သော ဥပဒေသုတေသနလုပ်ငန်းများဆောင်ရွက်ရေး နှင့်မဟာဗျူဟာ စီမံကိန်းပါဥပဒေသုတေသန လုပ်ငန်းများကိုအောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက်ဥပဒေသုတေသန ဌာနခွဲဖွဲ့စည်း၍ ဥပဒေသုတေသနလုပ်ငန်းများ ကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေပါကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာနရှိ ဥပဒေသုတေသန အဖွဲ့များက ၂၀၂၂ ခုနှစ်အတွင်း စာတမ်း ၁၂ စောင်ကို ရေးသားပြုစုနိုင်ခဲ့ပါကြောင်း၊ ၎င်းတို့ ရေးသားပြုစုခဲ့သည့် စာတမ်းများကို လုပ်ငန်းအဖွဲ့ ၆ ဖွဲ့မှ လစဉ် အလှည့်ကျဖတ်ကြားလာခဲ့ရာ ယခု စာတမ်းဖတ်ပွဲမှာ စတုတ္ထအကြိမ်မြောက် ကျင်းပခြင်းဖြစ်ပါကြောင်း၊ နောက်နောင်တွင်လည်း အရည်အသွေးပြည့်မီသောစာတမ်းများရရှိနိုင်ရေးအတွက်ကိုလည်း ယခုထက်ပို၍ ကြိုးစားဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
ယနေ့စာတမ်းဖတ်ပွဲတွင် ဥပဒေသုတေသနလုပ်ငန်းအဖွဲ့၆ မှ“အီလက်ထရောနစ်နည်းဖြင့် ဆောင်ရွက်သည့် ကူးသန်းရောင်းဝယ်ခြင်းတွင် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ကာကွယ်ပေးခြင်းနှင့် စပ်လျဉ်း၍ ဥပဒေရှုထောင့်မှ လေ့လာတင်ပြခြင်း” ခေါင်းစဉ်ဖြင့် ဖတ်ကြားခဲ့ကြပါသည်။
အဆိုပါအခမ်းအနားသို့ ဥပဒေရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာ ထမ်းများ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ပြည်နယ်ဥပဒေချုပ်ရုံးများမှ အရာထမ်းများကလည်း Online မှတစ်ဆင့် တက်ရောက်ခဲ့ကြပါသည်။
(သတင်းစဉ်)