အလယ်အလတ်အဆင့် ဥပဒေအရာရှိများ မွမ်းမံသင်တန်းအမှတ်စဉ်  (၁/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပခြင်း

နေပြည်တော်၊ စက်တင်ဘာလ ၁၉

အလယ်အလတ်အဆင့် ဥပဒေအရာရှိများ မွမ်းမံသင်တန်းအမှတ်စဉ်  (၁/၂၀၂၃) သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ ၉း၃၀ အချိန်တွင် ဥပဒေရေးရာဝန်ကြီးဌာနရှိ သုံးထပ်ဆောင် အလယ်ထပ်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာသီတာဦး တက်ရောက်ပြီး သင်တန်းဖွင့် အမှာစကား ပြောကြားခဲ့ပါသည်။

ဤသင်တန်းသည် ဥပဒေရေးရာဝန်ကြီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်ဥပဒေချုပ်ရုံးများနှင့် ခရိုင်ဥပဒေရုံးအသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဥပဒေအရာရှိ အဆင့် ၁ နှင့် ၂ များ အား ဥပဒေများစိစစ်အကြံပြုခြင်း၊ ဥပဒေအကြံဉာဏ်ပေးခြင်း၊ တရားစွဲနှင့်အမှုလိုက်ပါဆောင်ရွက် ခြင်းနှင့် စာချုပ်စာတမ်းများစိစစ်ခြင်းစသည့် လုပ်ငန်းတာဝန်များကို ပိုမိုသိရှိနားလည်ပြီး လုပ်ငန်း စွမ်းဆောင်မှုအရည်အသွေး ပိုမိုတိုးတက်မြင့်မားစွာ ထမ်းဆောင်နိုင်ကြစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း၊ သင်တန်းတွင် Legal English ဘာသာရပ်၊ ဥပဒေမူကြမ်းစိစစ်ရေးဘာသာရပ်အဖြစ် ဥပဒေမူကြမ်းရေးဆွဲခြင်း၊ ပြင်ဆင်သည့်ဥပဒေမူကြမ်းရေးဆွဲခြင်း၊ တစ်ဆင့်ခံဥပဒေမူကြမ်းရေးဆွဲ ခြင်းဆိုင်ရာကိစ္စများကိုလည်းကောင်း၊ ဥပဒေအကြံဉာဏ်ပေးရေးဘာသာရပ်အဖြစ် ပဋိညာဉ်ဥပဒေ အကြောင်းသိကောင်းစရာ၊ မြေနှင့်အဆောက်အအုံငှားရမ်းခြင်းစာချုပ်၊ ForceMajeure၊ Termination Agreement၊ Amendment Agreement၊ Dispute Settlement၊ Deed of Assignment၊ B.O.T၊ နိုင်ငံပိုင်မြေများစီမံခန့်ခွဲခြင်းနှင့် တရားမဝင်ကျူးကျော် နေထိုင်မှုများဆိုင်ရာမြေယာပြဿနာများ၊ ၁၉၅၅ ခုနှစ်၊ အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေနှင့် စပ်လျဉ်းသည့် သိကောင်းစရာ ကိစ္စများကိုလည်းကောင်း၊ တရားစွဲနှင့်အမှုလိုက်ဘာသာရပ်အဖြစ် ပြစ်မှုဆိုင်ရာအမှုများကို တရားစွဲဆိုခြင်းမပြုမီ         ဥပဒေအကြံဉာဏ်ပေးခြင်း၊ အမှုလိုက်ပါဆောင်ရွက်ခြင်း၊ လျှောက်လဲချက် ပေးခြင်း၊ အယူခံမှု/ပြင်ဆင်မှု၊ တရားမမှုဆိုင်ရာကိစ္စများကိုလည်းကောင်း၊ စီမံရေးရာဘာသာရပ် အဖြစ် နိုင်ငံ့ဝန်ထမ်းဥပဒေ/ နည်းဥပဒေများ၊ ရုံးစစ်ဆေးခြင်း၊ စီမံရေးရာညွှန်ကြားချက်များ၊ ရသုံးမှန်းခြေငွေစာရင်းဆောင်ရွက်ရန် လုပ်ငန်းစဥ်များကိုလည်းကောင်း သင်ကြားပို့ချမည်ဖြစ်ပါ ကြောင်း၊ သင်တန်းတွင် အုပ်စုလိုက်သုတေသနစာတမ်းပြုစုတင်သွင်း၍ စာတမ်းဖတ်ကြားခြင်း၊ ယင်းစာတမ်းအပေါ်ဆွေးနွေးခြင်းများ၊ ဘာသာရပ်ဆိုင်ရာစာမေးပွဲများ ကျင်းပပြုလုပ်မည်ဖြစ်ပြီး စည်းကမ်းလိုက်နာမှုရမှတ်များဖြင့်ပေါင်းကာ စုစုပေါင်းရမှတ် အများ/အနည်း အလိုက်စီကာ ပထမ၊ ဒုတိယနှင့် တတိယဆုများကိုလည်း ချီးမြှင့်မည်ဖြစ်ပါကြောင်း၊ သင်တန်းတက်ရောက်မှု ၇၅% ပြည့်စုံသူ သင်တန်းသားများကိုလည်း အလယ်အလတ်အဆင့်ဥပဒေအရာရှိများ မွမ်းမံသင်တန်း ဆင်းလက်မှတ် (Certificate) ပေးအပ်မည် ဖြစ်ပါကြောင်း၊ သင်တန်းပို့ချမည့် ဆရာများအနေဖြင့် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များမှ ပို့ချမည်ဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် မိမိတို့၏ အရည်အချင်း၊ အရည်အသွေးများ ပိုမိုတိုးတက်မြင့်မားစေရန် သပ်သပ်ရပ်ရပ်၊ သန့်သန့် ရှင်းရှင်း၊ စမတ်ကျစေရန် ပြုမူနေထိုင်သွားစေလိုကြောင်း အချိန်မဖြုန်းပဲ ရသင့်ရထိုက်သည့် ဗဟုသုတများ ရယူသွားရန် ကြိုးစားလေ့လာသင်ယူသွားရန် မှာကြားလိုကြောင်း စသည်ဖြင့် ပြောကြားခဲ့ကြောင်း သိရှိရသည်။

 သင်တန်းကာလမှာ ၂၂ ရက် ဖြစ်ပြီး သင်တန်းသား(၃၀)ဦး တက်ရောက်ကာ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ဝန်ကြီးဌာနများက လက်မှတ်ရေးထိုးဆောင်ရွက်လေ့ရှိကြသည့် MOU၊ MOA များကို ဥပဒေကြောင်းအရ စိစစ်ခြင်းအား လက်တွေ့လေ့ကျင့်ခန်းများ၊ ဥပဒေမူကြမ်း စိစစ်ခြင်းအား လက်တွေ့လေ့ကျင့်ခန်းများ  ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်၊ ဒုတိယဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သင်တန်းဆရာ ဆရာမများ နှင့် သင်တန်းသား (၃၀) ဦး တက်ရောက်ကြကြောင်း သိရှိရပါသည်။

(သတင်းစဉ်)