နေပြည်တော်၊ အောက်တိုဘာ ၅ ရက်
မြန်မာနိုင်ငံသင်္ဘောများ မှတ်ပုံတင်ခြင်း အက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ(မူကြမ်း) ပြဋ္ဌာန်းနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ : ၀၀ နာရီတွင် နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်ဒေါက်တာထိန်လင်းဦး၊ ဥပဒေမူကြမ်းစိစစ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာစန်းနှင့် တာဝန်ရှိသူများ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးအောင်ကျော်ထွန်းနှင့် တာဝန် ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီ မြန်မာသင်္ဘောများမှတ်ပုံတင်ဥပဒေအသစ် မပြဋ္ဌာန်းနိုင်မီ မြန်မာနိုင်ငံအနေဖြင့် လက်ရှိကျင့်သုံးလျက်ရှိသော ဈေးကွက်စီးပွားရေးစနစ် အရလည်းကောင်း၊ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI)များကို အားပေးသည့် မူဝါဒများ အရလည်းကောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့် နိုင်ငံတော်မှ ကျင့်သုံးလျက်ရှိသော မူဝါဒ များနှင့် လိုက်လျောညီထွေမှုရှိစေရန်အတွက် လည်းကောင်း၊ အင်္ဂလိပ်ဘာသာဖြင့် ပြဋ္ဌာန်း ထားသော မြန်မာနိုင်ငံသင်္ဘောများ မှတ်ပုံတင်ခြင်းအက်ဥပဒေကို အင်္ဂလိပ်ဘာသာဖြင့် ပြင်ဆင်ရခြင်းဖြစ်ကြောင်း တင်ပြဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ်က မြန်မာနိုင်ငံသင်္ဘောများမှတ်ပုံတင်ခြင်းအက်ဥပဒေကို လက်ရှိအခြေအနေ များနှင့် လိုက်လျောညီထွေမှုူရှိစေရန်အတွက် ပြင်ဆင်ရန် လိုအပ်ကြောင်း သုံးသပ်တွေ့ရှိရ သဖြင့် ပြင်ဆင်လိုသည့်ပုဒ်မများအား အပြီးသတ်ညှိနှိုင်းလျှက် ပြဋ္ဌာန်းနိုင်ရေးဆွေးနွေး ခဲ့ကြောင်းသိရသည်။
(သတင်းစဉ်)