Naypyitaw State Academyမှ ဥပဒေထူးပြု ကျောင်းသား/ကျောင်းသူများအတွက် ဥပဒေပညာရပ်ဆိုင်ရာ လက်တွေ့သင်တန်းအမှတ်စဉ် (၂) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် စက်တင်ဘာ ၃၀

Naypyitaw State Academyမှ ဥပဒေထူးပြု ကျောင်းသား/ ကျောင်းသူများအတွက် ဥပဒေပညာရပ်ဆိုင်ရာ လက်တွေ့သင်တန်းအမှတ်စဉ် (၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ဥပဒေရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဥပဒေရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေး မှူးများ၊ Naypyitaw State Academyမှ ပါမောက္ခ ချုပ်၊ ဥပဒေပညာဌာန ပါမောက္ခ(ဌာနမှူး)နှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ တက်ရောက် သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်က ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန အထူးသဖြင့် Naypyitaw State Academy မှ ဥပဒေပညာအထူးပြု ကျောင်းသားများ အတွက် လုပ်ငန်းခွင်သင်တန်း Internship ကိုဖွင့်လှစ်ခဲ့သည်မှာ သင်တန်းအမှတ်စဉ်(၂) ရှိပြီးဖြစ်ကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာနအနေဖြင့် (၂၀၁၅-၂၀၁၉) ၏ မဟာ ဗျူဟာမှာ “တရားဥပဒေစိုးမိုးရေးဆီသို့” “Moving Forward to the Rule of Law”၊ (၂၀၂၀-၂၀၂၄) တွင် “Providing Legal Service For Justic” “တရားမျှတရေးအတွက် ဥပဒေဝန်ဆောင်မှု”ဆိုသည့်မဟာဗျူဟာ၊ ယခု (၂၀၂၅-၂၀၂၉) ခုနှစ်တွင် “ပြည်သူ့အတွက် တည်ဆောက်လျက် ဥပဒေယုံကြည်ချက်” “Building legal Trust for the People” ဆိုသည့်မဟာ ဗျူဟာချမှတ်ဆောင်ရွက်ခဲ့ကြောင်း၊ မဟာဗျူဟာများ၏ အစီအစဉ်တစ်ခုဖြစ်သော ဥပဒေရေးရာဝန်ကြီးဌာနနှင့် သက်ဆိုင် ရာတက္ကသိုလ်အသီးသီးတွင်ရှိသည့် ဥပဒေပညာဌာန၏ ကျောင်းသား/ကျောင်းသူများကို လုပ်ငန်းခွင်လက်တွေ့ သင်တန်းများပေးမည်ဆိုသည့် ရည်မှန်းချက် တစ်ခုပါဝင်ကြောင်း၊ နောက်ပိုင်းတွင် ယခုထက်ပိုပြီး Naypyitaw State Academy သာမကပဲ အခြားသောတက္ကသိုလ်အသီးသီး၏ ဥပဒေကျောင်းသား/ ကျောင်းသူများကိုဖိတ်ပြီး အနည်းဆုံး သင်တန်းသားဦးရေ ၂၀/၂၅ ဦးခန့်နှင့် သင်တန်းများ ပြုလုပ်မည်ဆိုလျှင် ပိုမိုအဆင်ပြေမည် ဖြစ်ကြောင်း၊ ယခုသင်တန်းတက်နေသည့် ကျောင်းသားကျောင်းသူများက နိုင်ငံတော်အစိုးရ၏ ဥပဒေရေးရာကိစ္စ ရပ်များကို ဆောင်ရွက်နေသော ဥပဒေရေးရာဝန်ကြီး ဌာန၏ လုပ်ငန်းဆောင်ရွက်မှုများကို ဗဟုသုတအနေဖြင့် မဖြစ်မနေသိထားသင့်ကြောင်း၊ နိုင်ငံတော်တွင် မဏ္ဍိုင်ကြီး ၃ရပ်ရှိရာ ဥပဒေရေးရာဝန်ကြီးဌာနသည် ဥပဒေပြုရေး တရားစီရင်ရေးနှင့် အုပ်ချုပ်ရေး မဏ္ဏိုင်(၃)ရပ်လုံးတွင် ပါဝင်နေသည့် ဌာနဖြစ်သည့်အတွက် လေ့လာခြင်းအားဖြင့် တစ်ထိုင်တည်းနှင့် အားလုံးကို ခြုံငုံသိရှိမှာဖြစ်ကြောင်း၊ မိမိတို့ ဥပဒေရေးရာ ဝန်ကြီးဌာနတွင် ဌာနကြီး(၅)ခုရှိပြီး ဝန်ကြီးရုံးဌာနကြီးကတော့ ဝန်ထမ်းများ၏ ပြောင်းရွှေ့ခြင်း၊ ရာထူးတိုးခြင်းစသည့် ကိစ္စရပ်များကို ဆောင်ရွက်ပြီး ဥပဒေမူကြမ်းစိစစ်ရေးဦးစီးဌာန၊ ဥပဒေအကြံဉာဏ်ပေးရေး ဦးစီးဌာန၊ နိုင်ငံတကာစာချုပ်များ၊ စီးပွားရေးစာချုပ်များ၊ အထွေထွေဥပဒေအကြံပေးရေး၊ တရားစွဲနှင့် အမှုလိုက်လုပ်ငန်းနှင့် မဆိုင်သည့် ဥပဒေအကြံဉာဏ်ပေးရေးဦးစီးဌာန၊ တစ်နိုင်ငံလုံးတွင်ရှိသည့် ပြစ်မှုနှင့် တရားမမှုများတွင် အစိုးရကိုယ်စားဆောင်ရွက်နေသည့် တရားစွဲနှင့်အမှုလိုက်ဦးစီးဌာန၊ ဥပဒေ အသိပညာပြန့်ပွားရေးဦးစီးဌာနတို့ရှိပြီး တစ်ဌာနချင်းကို လေ့လာရမှာဖြစ်ကြောင်း၊ ဌာနများကလည်း နွေးထွေးစွာ ကြိုဆို၍ စာတွေ့လက်တွေ့ သင်ကြားပေးမှာဖြစ်၍ အလွန်အကျိုးရှိမှာဖြစ်ကြောင်း၊ အမှတ်စဉ်(၁) သင်တန်းအား ၂၀၂၄ ခုနှစ်တွင် အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီး ယခုသင်တန်းတွင်လည်း ကြိုးစားပြီးလေ့လာကြရန် တိုက်တွန်းလိုကြောင်း၊ ဥပဒေရေးရာ ဝန်ကြီးဌာနအပြင် နိုင်ငံတော်ဖွဲ့စည်း ပုံအ‌ခြေခံဥပဒေဆိုင်ရာခုံရုံး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ အမျိုးသားစာကြည့်တိုက်၊ ပျဉ်းမနားခရိုင် ဥပဒေရုံး၊ ဇမ္ဗူသီရိမြို့နယ်ဥပဒေရုံးတို့အပြင် ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်းကျောင်း LAC သို့ လေ့လာရေးစေလွှတ်ပေးမှာဖြစ်ကြောင်း၊ ဥပဒေပညာသည် အရေးကြီးပြီး အရေးပါသောကြောင့် ယခုသင်ကြားလိုက်သည့် စာတွေ့လက်တွေ့ဗဟုသုတများကို ကျောင်းသားကျောင်းသူများ၏ ရှေ့ဆက်မည့် ဥပဒေပညာသင်ကြားမှုတွင်လည်း လိုအပ်လျှင် လိုအပ်သလို အသုံးချရန်နှင့် မိမိအတွက်သော်လည်းကောင်း၊ အနာဂတ်တွင် မိမိအလုပ်လုပ်မည့်ဌာနများအတွက် သော်လည်းကောင်း၊ နိုင်ငံတော်တွက်သော်လည်းကောင်း အကျိုးရှိစွာအသုံးချနိုင်ရန် ဆန္ဒပြုပါကြောင်း ပြောကြားသည်။

ထို့နောက် Naypyitaw State Academy ပါမောက္ခချုပ်က Naypyitaw State Aceademy ၏ သင်ကြားမှုပုံစံများအား ရှင်းလင်းတင်ပြကာ ဥပဒေကျောင်းသားကျောင်းသူများအနေဖြင့် ယခုသင်တန်းမှ  လက်တွေ့လုပ်ငန်းခွင် လုပ်ငန်းများအကြောင်းသိရှိနားလည်သည့် အခွင့်အရေးရရှိ စေသည့်အတွက် အထူးပင်ကျေးဇူးတင်ရှိကြောင်းပြောကြားခဲ့ပြီး သင်တန်း သားသင်တန်းသူများက တစ်ဦးချင်းမိတ်ဆက်၍ သင်တန်းသားသင်တန်းသူများကိုယ်စား သင်တန်းသားကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။ ဥပဒေပညာရပ်ဆိုင်ရာသင်တန်း အမှတ်စဉ်(၂)အား ၂၀၂၅ခုနှစ်အောက်တိုဘာလ ၁ ရက် နေ့မှ နိုဝင်ဘာ၁၃ရက်နေ့အထိ ရက်သတ္တပတ်(၆)ပတ် အကြာ လက်တွေ့သင်ကြား ပို့ချပေးမည် ဖြစ်ပြီး အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်နှင့် Naypyitaw State Academyမှ သင်တန်းသားသင်တန်းသူများ မှတ်တမ်းဓါတ်ပုံများရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိသည်။

                                                                                                                        သတင်းစဉ်