နေပြည်တော်၊ နိုဝင်ဘာ ၁၅

ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ် (Universal Periodic Review-UPR) အမျိုးသားအဆင့် အစီရင်ခံစာပြုစုရေးနှင့် စပ်လျဉ်း၍ အရပ်ဖက်လူမှုအဖွဲ့ အစည်းများနှင့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၀၉:၀၀ နာရီ အချိန်တွင် Park Royal Hotel၊ နေပြည်တော်၌ ကျင်းပပြုခဲ့ပါသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ၌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက အဖွင့်အမှာ စကားပြောကြားရာတွင် Universal Periodic Review(UPR)သည် ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေး အခြေအနေကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ်ဖြစ်ပြီး ကုလသမဂ္ဂ အထွေထွေ ညီလာခံ၏ ဆုံးဖြတ်ချက် အမှတ်(၆၅/၂၅၁)အရ ဆောင်ရွက်ရသော လုပ်ငန်းစဉ် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် တတိယအကြိမ် UPR အစီရင်ခံစာတွင် ဖြေကြားရမည့် အကြံပြုချက် (၁၆၆)ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ရေး အမျိုးသားအဆင့် ကော်မတီကို ဖွဲ့စည်း ခဲ့ပြီး အကောင်အထည်ဖော် ဆောင်ရွက်ရမည့် ကဏ္ဍ(၁၂)ရပ် သတ်မှတ်၍ သက်ဆိုင်ရာ ဝန်ကြီး ဌာနအလိုက် တာဝန်ပေးအပ်ခဲ့ပါကြောင်း၊ ဆက်လက်၍ အမျိုးသားအဆင့် ကော်မတီက အစီရင်ခံ စာပြုစုရေး လုပ်ငန်းကော်မတီ၊ စာတမ်းပြုစုရေး ကော်မတီနှင့် အဖွဲ့အစည်းများနှင့် ဆက်ဆံရေး ကော်မတီတို့ကို ဖွဲ့စည်းပေးခဲ့ပါကြောင်း၊ အမျိုးသားအဆင့်ကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်များအရ အမျိုးသားအဆင့် အစီရင်ခံစာ ပြုစုနိုင်ရေးအတွက် အစီရင်ခံစာပြုစုရေး လုပ်ငန်းကော်မတီ အကြိုညှိနှိုင်း အစည်းအဝေးကို ၂၈-၅-၂၀၁၉ ရက်နေ့တွင် ကျင်းပခဲ့ပါကြောင်း၊ ယင်းအစည်း အဝေး ဆုံးဖြတ်ချက်အရ အစီရင်ခံစာ ပြုစုရေးအတွက် အချက်အလက်များကို ပေးပို့ပေးရန် သက်ဆိုင်ရာဌာန အသီးသီးသို့ ညှိနှိုင်းခဲ့ရာ ဌာနအသီးအသီးက အချက်အလက်များကို အစီရင် ခံစာပြုစုရေး လုပ်ငန်းကော်မတီသို့ ပေးပို့ခဲ့ပါကြောင်း၊ ယင်းကော်မတီမှ စာတမ်းပြုစုရေး ကော်မတီသို့ ဆက်လက်ပေးပို့ခဲ့ပါကြောင်း၊ ယင်းအချက် အလက်များကို အခြေခံ၍ စာတမ်းပြု စုရေး ကော်မတီက ၂၃-၇-၂၀၁၉ ရက်နေ့တွင် အစီရင်ခံစာ ပြုစုရေး လုပ်ငန်းကော်မတီသို့ UPR အမျိုးသားအဆင့် အစီရင်ခံစာ မူကြမ်း(Zero Draft)ကို ပေးပို့ခဲ့ပါကြောင်း၊ ၂-၈-၂၀၁၉ ရက် နေ့တွင် ကျင်းပပြုလုပ်သော အစီရင်ခံစာ ပြုစုရေး လုပ်ငန်းကော်မတီ ဒုတိယအကြိမ် အစည်းအဝေးတွင် အမျိုးသားအဆင့် အစီရင်ခံစာ ပထမမူကြမ်း(First Draft)ကို ဆွေးနွေးနိုင်ခဲ့ပါကြောင်း၊ အဆိုပါအစည်းအဝေးမှ ဆွေးနွေးချက်များနှင့် ဌာနများမှ ထပ်မံပေးပို့လာသည့် အချက်အလက် များကို ဖြည့်စွက်၍ အစီရင်ခံစာ ဒုတိယမူကြမ်း(Second Draft)ကို ရေးဆွဲပြုစုထားပြီး ဖြစ်ပါကြောင်း၊ UPR အကြံပြု တိုက်တွန်းချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရေး အမျိုးသားအဆင့်ကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် အမျိုးသားအဆင့် အစီရင်ခံစာပြုစုရာတွင် အရပ်ဖက်လူမှု အဖွဲ့အစည်းများ၏ အကြံဉာဏ်ရယူသင့်ကြောင်း ဆွေးနွေး အတည်ပြုချက်နှင့်အညီ UPR အစီရင်ခံစာ ပြုစုရေး လုပ်ငန်းကော်မတီ၏ ဒုတိယအကြိမ် အစည်း အဝေးတွင် အရပ်ဖက်လူမှု အဖွဲ့အစည်းများနှင့် အလုပ်ရုံဆွေးနွေးပွဲ တစ်ခုကျင်းပသွားရန် ဆုံးဖြတ်ခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည့်စုံကောင်းမွန်သော အမျိုးသားအဆင့် အစီရင်ခံစာ တင်သွင်းနိုင်ရေးအတွက် ယနေ့ အလုပ်ရုံ ဆွေးနွေးပွဲကို ကျင်းပခြင်းဖြစ်ပါကြောင်း၊ ယနေ့ ဆွေးနွေးပွဲတွင် တက်ရောက်လာသူများက လူ့အခွင့်အရေး နယ်ပယ် ၈ ရပ်ကို အုပ်စု ၈ စု ခွဲ၍ ဆွေးနွေးကြမည်ဖြစ်ပါကြောင်း၊ တက်ရောက်လာကြသူများမှ ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးရန် တိုက်တွန်းပါကြောင်းနှင့် မြန်မာနိုင်ငံ၏ အပြုသဘောဆောင်သော တိုးတက်ဖြစ်ပေါ်မှုများအား နိုင်ငံတကာက အသိအမှတ်ပြုပြီး မြန်မာနိုင်ငံအပေါ် အားပေးမှု၊ နားလည်မှု၊ ထောက်ခံမှုများ ရှိစေရေးအတွက် အကြံပြုပေးကြရန် ဖြစ်ပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
ကမ္ဘာကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်(UNDP)မှ Deputy Resident Representative ဖြစ်သူ Ms.Dawn Del Rio မှ အမှာစကား ပြောကြားရာတွင် တတိယအကြိမ် UPR အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေများကို ပိုမိုပြီးပြည့်စုံအောင် ထည့်သွင်းနိုင်ရေးအတွက် အစီရင်ခံစာပြုစုရေး လုပ်ငန်းကော်မတီမှ ယခုကဲ့သို့ အရပ်ဖက်လူမှု အဖွဲ့အစည်းများနှင့် တိုင်ပင် ဆွေးနွေးသည့် အလုပ်ရုံ ဆွေးနွေးပွဲကို ကျင်းပခြင်းဖြစ်ပါကြောင်း၊ ယနေ့အလုပ်ရုံ ဆွေးနွေးပွဲတွင် ဆွေးနွေးမည့် စာတမ်းပြုစုရေး ကော်မတီမှ ရွေးချယ်ပေးသည့် လူ့အခွင့်အရေး နယ်ပယ် ၈ ရပ် သည် ပြီးပြည့်စုံ၍ အလွန်အရေးပါကြောင်းနှင့် ယင်းနယ်ပယ်များကို ဆွေးနွေးရာမှ ရရှိလာသော ရလဒ်များသည် အစီရင်ခံစာ ပြုစုသူများအတွက် အရေးပါသော သတင်းအချက်အလက်များ ဖြစ်မည်ဟု ယုံကြည်ပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ အစီရင်ခံစာပြုစုရေး လုပ်ငန်းကော်မတီ အဖွဲ့ဝင်များ၊ စာတမ်း ပြုစုရေး ကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှ ဖိတ်ကြားထားသူများ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် အရပ်ဖက် လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ၁၁၀ ဦးခန့် တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ဆိုင်ရာ တိုးတက်ပြောင်းလဲမှုများ၊ စိန်ခေါ်မှုများနှင့် ဆက်လက်ဆောင်ရွက်သင့်သည့် ကိစ္စများကို လူ့အခွင့်အရေးဆိုင်ရာ ကဏ္ဍ ၈ ရပ်ဖြင့် ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြပါသည်။ အလုပ်ရုံ ဆွေးနွေးပွဲကို ညနေ ၁၇:၃၀ အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။
(သတင်းစဉ်)
