နေပြည်တော်၊ ဇန်နဝါရီလ ၂၉ ရက်

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာနယ်ပယ် (၁) အကောင်အထည်ဖော်မှုကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ဥပဒေရေးရာဝန်ကြီးဌာနရှိ အစည်းအဝေးခန်းမ(၁)၌ ကျင်းပခဲ့ပါသည်။
အစည်းအဝေးသို့ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ နယ်ပယ် (၁) အကောင်အထည်ဖော်မှု ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာ ထိန်လင်းဦး ကော်မတီဝင်များ ဖြစ်ကြသည့် ဥပဒေရေးရာဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ မြန်မာ့ကျောက်မျက် ရတနာရောင်းဝယ်ရေးလုပ်ငန်း၊ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ မြန်မာနိုင်ငံ တော်ဗဟိုဘဏ်၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ နိုင်ငံဖြတ်ကျော်မှုခင်းဌာနကြီး၊ မူးယစ်ဆေးဝါး တားနှိမ်နင်းရေးရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ပြည်တွင်း အခွန်များဦးစီးဌာန၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်နှင့် ငွေကြေးဆိုင်ရာ မှုခင်းတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။
ဦးစွာ ဒုတိယဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ်က မိမိကော်မတီဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက်ရှိသော မဟာဗျူဟာ နယ်ပယ်(၁) အကောင်အထည် ဖော်မှုကြီးကြပ်ရေး ကော်မတီသည် “ငွေကြေးချမှု ၊ အကြမ်းမှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ မူဝါဒများ၊ ညွှန်ကြား ချက်များနှင့် ဥပဒေ မူဘောင်များကို နိုင်ငံတကာစံ နှုန်းများနှင့်အညီ ပိုမိုတိုးတက်ခိုင်မာစေရေး” ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ ၂၀၂၄-၂၀၂၈ အရ ဆောင်ရွက်ရမည့် မဟာဗျူဟာရည်မှန်းချက် ၇ ချက်နှင့် မဟာဗျူဟာ အစီအစဉ် ၂၉ ချက် ရှိပါပြီး ၂၀၂၄ ခုနှစ်အပြီး အကောင်အထည်ဖော်ရမည့် မဟာဗျူဟာအစီအစဉ် ၂ ချက်၊ ၂၀၂၅ ခုနှစ် အပြီး အကောင်အထည်ဖော်ရမည့် မဟာဗျူဟာအစီအစဉ် ၁၀ ချက်၊ ၂၀၂၆ ခုနှစ် အပြီး အကောင် အထည်ဖော်ရမည့် မဟာဗျူဟာအစီအစဉ် ၂ ချက်၊ ၂၀၂၇ ခုနှစ်တွင် အကောင်အထည်ဖော်ရမည့် မဟာဗျူဟာအစီအစဉ် ၆ ချက်၊ ၂၀၂၈ ခုနှစ်အတွင်း အကောင် အထည်ဖော်ရမည့် မဟာဗျူဟာအစီအစဉ် ၅ ချက်နှင့် စဉ်ဆက်မပြတ် ဆောင်ရွက်ရမည့် ၄ ချက် ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် ငွေကြေးခဝါချမှုနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ၏တိုးတက် ဆောင်ရွက် မှုများကို စောင့်ကြည့်မည့်နိုင်ငံနှင့်ဒေသများ စာရင်းမှ ပယ်ဖျက်နိုင်ရေးကို ၂၀၁၈ ခုနှစ်မှ စတင်၍ APJG သို့တိုးတက်မှုအစီရင်ခံစာများ ပေးပို့လျက်ရှိရာ ၂၀၂၅ ခုနှစ်အထိ FATF အကြံပြုချက် ၄၀ အနက် စံနှုန်းသတ်မှတ်ချက် ၂၆ ချက်မှာ မြင့်မားသည့် အဆင့် သတ်မှတ်ချက်ရထားပြီး ဖြစ်သည့်အတွက် မိမိတို့ကော်မတီများ၏ လုပ်ဆောင်မှုများနှင့် စပ်လျဉ်း၍ ကျေနပ်အားရမိ ပါကြောင်း၊ တက်ရောက်လာကြသော ကော်မတီ အဖွဲ့ဝင်များအနေဖြင့် အမျိုးသားအဆင့် မဟာဗျူ ဟာသတ်မှတ်ထားသည့် အချိန်ဇယားအတိုင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန် တိုက်တွန်းလိုပါ ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး ဆိုင်ရာ အမျိုးသားအဆင့် မဟာ ဗျူဟာ နယ်ပယ် (၁) အကောင်အထည်ဖော်မှုကြီးကြပ်ရေး ကော်မတီအတွင်းရေးမှူး၊ ဥပဒေရေးရာဝန်ကြီးဌာန၊ ဥပဒေအကြံဉာဏ်ပေးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နော်စေးဝါးဖောက ငွေကြေးခဝါချမှု နှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာနယ်ပယ် (၁) နှင့် စပ်လျဉ်း၍ ၂၀၂၅ ခုနှစ်အတွင်းအကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုနှင့် ၂၀၂၆ ခုနှစ်အတွင်း ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြောကြားသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ နယ်ပယ် (၁) နှင့် စပ်လျဉ်း၍ ဌာနအဖွဲ့အစည်းအလိုက် အကောင် အထည်ဖော် ဆောင်ရွက်မှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရမည့် အချက်များကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြ ကြောင်း သိရသည်။
(သတင်းစဉ်)
