ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေ (မူကြမ်း) နှင့် ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေ (မူကြမ်း) တို့နှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၂၉

ငွေချေးသက်သေခံလက်မှတ်များလဲလှယ်ရောင်းဝယ်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေ (မူကြမ်း) နှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀:၀၀ နာရီတွင် နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကြည်ကြည်သန်းအောင်နှင့် တာဝန်ရှိသူများ၊   ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင် ဦးဆောင်သော တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က အဖွင့်အမှာ စကားပြောကြားပြီး ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်က  ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်ရုံးတွင် လက်ရှိကျင့်သုံးနေသည့် ငွေချေးသက်သေခံလက်မှတ်များလဲလှယ်ရောင်းဝယ်ရေးဥပဒေ(၂၀၁၃)တွင် ပြဋ္ဌာန်းပါရှိသည့် အချို့စကားရပ်များသည် ခေတ်ကာလအခြေအနေနှင့် ဆီလျော်မှု မရှိခြင်းနှင့် International Organization of Securities Commission- IOSCO သို့ ဝင်ရောက်နိုင်ရေးအတွက် စံသတ်မှတ်ချက်ပြည့်မီရန် လိုအပ်ချက်အရ ငွေချေးသက်သေခံလက်မှတ်များ လဲလှယ် ရောင်းဝယ် ရေး ဥပဒေ(၂၀၁၃)ကို ပြင်ဆင်လိုခြင်းဖြစ်ကြောင်း ရှင်းလင်း ဆွေးနွေးပါသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော တာဝန်ရှိသူများက ငွေချေး သက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေတွင် ပါဝင်သည့် အကြောင်းအရာများကို ပုဒ်မအလိုက် တင်ပြဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ်က ငွေချေးသက်သေခံလက်မှတ်များလဲလှယ် ရောင်းဝယ်ရေးဥပဒေကို လက်ရှိအခြေ အနေများနှင့် လိုက်လျောညီထွေမှုရှိစေရေးအတွက် ပြင်ဆင်သည့် အချက်များသည် မြန်မာနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးနှင့် နိုင်ငံတကာငွေချေးသက်သေခံလက်မှတ်ကော်မရှင်များအဖွဲ့ (International Organization of Securities Commission- IOSCO) သို့ မြန်မာနိုင်ငံအနေဖြင့် ဝင်ရောက်နိုင်ရေးအတွက် စံသတ်မှတ်ချက် ပြည့်မီရန် လိုအပ်ချက်များကို အထောက်အကူပြု နိုင်ရန်အလို့ငှာ ဦးစားပေးပြင်ဆင်ပြဋ္ဌာန်းသင့်သော ဥပဒေဖြစ်ကြောင်း သုံးသပ်တွေ့ရှိရသဖြင့် ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေ (မူကြမ်း) ကို ပြဋ္ဌာန်းနိုင်ရေး အပြီးသတ်ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

အလားတူ ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေ (မူကြမ်း) ပြဋ္ဌာန်းနိုင်ရေး အတွက် အပြီးသတ်ညှိနှိုင်းအစည်း အဝေးကို နေ့လယ် ၃း၀၀  နာရီတွင် နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကြည်ကြည်သန်းအောင်နှင့် တာဝန်ရှိသူများ၊   ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း ဦးဆောင်သော တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က အဖွင့်အမှာစကား ပြောကြားပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း က ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေ (မူကြမ်း) ပြဋ္ဌာန်းနိုင်ရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြဆွေးနွေးပါသည်။

ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က ဆက်သွယ်ရေးဥပဒေကို ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက သတ်မှတ်ထားသည့် စံချိန်စံညွှန်းသတ်မှတ်ချက်များနှင့် ကိုက်ညီသော ကွန်ရက်အထောက်အကူပြုပစ္စည်း သို့မဟုတ် ဆက်သွယ်ရေးပစ္စည်းများကို ပြည်တွင်းသို့ တင်သွင်းနိုင်စေရေးအတွက် ထောက်ခံချက်ပေးရာတွင် ပါဝင်စေရန် ဖြည့်စွက် လိုခြင်းနှင့် စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူရာတွင် ဒဏ်ကြေးငွေတပ်ရိုက်ခြင်းကို ထည့်သွင်း ဖော်ပြလိုခြင်းတို့ကြောင့် ဥပဒေကို ပြင်ဆင်လိုကြောင်း စိစစ်တွေ့ရှိရပြီး လက်ရှိအခြေအနေများ နှင့် လိုက်လျောညီထွေမှုရှိစေရေး ပြင်ဆင်သင့်သော အချက်များဖြစ်၍ ဦးစားပေး ပြင်ဆင်ပြဋ္ဌာန်း သင့်သော ဥပဒေဖြစ်ကြောင်း သုံးသပ်တွေ့ရှိရသဖြင့် ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေ (မူကြမ်း) ကို ပြဋ္ဌာန်းနိုင်ရေး အပြီးသတ်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

                                                                                           (သတင်းစဉ်)