နေပြည်တော်၊ နိုဝင်ဘာ ၁၄

ဥပဒေရေးရာဝန်ကြီးဌာနတွင် ဖွင့်လှစ်သည့် တက္ကသိုလ် ဥပဒေအထူးပြုကျောင်းသား များအတွက် ဥပဒေပညာရပ်ဆိုင်ရာ လက်တွေ့သင်တန်း အမှတ်စဉ်(၁) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဥပဒေရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ ၌ ကျင်းပသည်။
သင်တန်းဆင်းပွဲအခမ်းအနားတွင် ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ယနေ့ကျင်းပသည့် သင်တန်းဆင်းပွဲသည် Naypyitaw State Academy မှ ဥပဒေအထူးပြုကျောင်းသားများအတွက် တက္ကသိုလ်ပညာ သင်ကြားစဉ် လက်တွေ့လုပ်ငန်းများကို လေ့လာသင်ယူနိုင်ရန် စီစဉ်ဖွင့်လှစ်ပေးသည့် ဥပဒေ ပညာရပ်ဆိုင်ရာ လက်တွေ့သင်တန်းဆင်းပွဲ ဖြစ်ပါကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာနအနေ ဖြင့်မဟာဗျူဟာများချမှတ်ပြီးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၁၅-၂၀၁၉ ခုနှစ်တွင် Moving Forwards To The Rule of Law ၊ ၂၀၂၀-၂၀၂၄ ခုနှစ်တွင် Providing Legal Service for Justice၊ ၂၀၂၅-၂၀၂၉ ခုနှစ်တွင် Building Legal Trust for The People စသည့်ခေါင်းစဉ်များဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး တက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည်လည်း ဥပဒေရေးရာဝန်ကြီးဌာန၏ မဟာဗျူဟာအစီအစဉ် တစ်ရပ်ဖြစ်ပါကြောင်း၊ ယခင်မဟာဗျူဟာစီမံကိန်းများအရ တက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းအတွက် ဟောပြောပွဲများကိုသာ ဆောင်ရွက်နိုင်ခဲ့သော်လည်း တက္ကသိုလ်ဥပဒေပညာဌာနနှင့် ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် ဥပဒေပညာရပ်ဆိုင်ရာ လက်တွေ့သင်တန်း ဖွင့်လှစ်သင်ကြားပေးခြင်းမှာ ပထမဆုံးအကြိမ်ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ Naypyitaw State Academy ကို အခြားတက္ကသိုလ်များထက် ပိုမိုသာလွန် ကောင်းမွန်သည့် တက္ကသိုလ်တစ်ခုဖြစ်ရန် လမ်းညွှန်ချက်ရှိသည့်အတွက် ဥပဒေရေးရာဝန်ကြီးဌာနအနေဖြင့် Naypyitaw State Academy မှ ဥပဒေအထူးပြုကျောင်းသားများအား စာတွေ့ ပညာသင်ကြားစဉ် ဥပဒေရေးရာဝန်ကြီး ဌာန၏ လက်တွေ့လုပ်ငန်းစဉ်များကို လာရောက်လေ့လာသင်ယူနိုင်ရန် စီစဉ်ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ သင်တန်း သားများကို ဥပဒေရေးရာဝန်ကြီးဌာန ဝန်ကြီးရုံး နှင့်ဦးစီးဌာန ၄ ခုတို့က လက်တွေ့လုပ်ငန်းများကို ရက်သတ္တ ၆ ပတ် ကြာ သင်ကြားပို့ချပေးခဲ့သည့်အပြင် ဥပဒေရေးရာဝန်ကြီးဌာနနှင့် လုပ်ငန်းသဘာဝအရ ဆက်စပ်ဆောင်ရွက်ရသည့် အဖွဲ့အစည်းများဖြစ်သည့် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် ရုံး၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး၊ ခရိုင်နှင့် မြို့နယ်တရားရုံးများ၊ အမျိုးသား စာကြည့်တိုက်၊ ဥပဒေရေးရာဝန်ကြီးဌာန စာကြည့်တိုက်၊ နေပြည်တော် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းကျောင်းရှိ E-library သို့လည်း လေ့လာ ရေးခရီးစဉ်များ စီစဉ်ဆောင်ရွက် ပေးခဲ့ပါကြောင်း၊ သင်တန်းသားများအနေဖြင့် ဥပဒေရေးရာဝန်ကြီးဌာန၏ များပြားလှသည့် လုပ်ငန်းတာဝန်များကို အချိန်တိုအတွင်း လေ့လာရသည့်အတွက် ပြည့်စုံစွာသိရှိနိုင်မည် မဟုတ်သော်လည်း တက္ကသိုလ်မှ ဘွဲ့ရပြီးပါက ဥပဒေပညာရှင်အဖြစ် လုပ်ငန်းများ ဆောင်ရွက်သည့်အခါ သင်တန်းမှရရှိမည့် အတွေ့အကြုံများသည် လက်တွေ့လုပ်ငန်းနယ်ပယ်တွင် များစွာ အထောက်အကူပြုမည် မျှော်လင့်ပါကြောင်း ပြောကြားခဲ့ပါသည်။
တက္ကသိုလ် ဥပဒေအထူးပြု ကျောင်းသားများအတွက် ဥပဒေပညာရပ်ဆိုင်ရာ လက်တွေ့သင်တန်း အမှတ်စဉ်(၁) သင်တန်း ဆင်းပွဲအခမ်းအနားသို့ ဥပဒေရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ Naypyitaw State Academy မှ ပါမောက္ခချုပ် ဒေါက်တာနုနုလွင်၊ ဥပဒေပညာဌာန ပါမောက္ခ (ဌာနမှူး) နှင့် တာဝန်ရှိသူများ၊ ဥပဒေအထူးပြု ကျောင်းသား သင်တန်းသား (၉) ဦး တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)
