တရားလွှတ်တော်ရှေ့နေများကောင်စီ ဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ်နှင့် အဖွဲ့ဝင်များ၏ အစည်းအဝေးအမှတ်စဉ် (၁/၂၀၁၈) ကို ကျင်းပဆောင်ရွက်

နေပြည်တော်၊ ဇူလိုင် ၂၀

          တရားလွှတ်တော်ရှေ့နေများကောင်စီ အစည်းအဝေးအမှတ်စဉ် (၁/၂၀၁၈) ကို ယနေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ ပါသည်။

     အစည်းအဝေးတွင် တရားလွှတ်တော်ရှေ့နေများကောင်စီ ဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက အမှာစကားပြောကြားရာ၌ နိုင်ငံတော်အနေဖြင့် တရားဥပဒေစိုးမိုးရေး၊ တရားစီရင်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးနှင့် ပြစ်မှုဆိုင်ရာကိစ္စရပ်များတွင် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးတို့ကို အလေးထား ဆောင်ရွက်လျက်ရှိရာ ရှေ့နေများ၏ အခန်းကဏ္ဍ သည် များစွာအရေးပါ ပါကြောင်း၊  သို့ဖြစ်၍ တရားလွှတ်တော်ရှေ့နေများကောင်စီအက်ဥပဒေ ကို ခေတ်ကာလနှင့်လျော်ညီသည့် ဥပဒေတစ်ရပ်ဖြစ်ပေါ်လာစေရန်အတွက် အသစ်ပြင်ဆင် ရေးဆွဲလျက်ရှိပါကြောင်း၊ ဥပဒေအသစ်အရ ရှေ့နေများ၏ ပါဝင်ဆောင်ရွက်နိုင်မှု ပိုမိုကျယ်ပြန့် လာမည်ဖြစ်ပါကြောင်း၊ ဥပဒေအသစ်ရေးဆွဲရာတွင် အထောက်အကူဖြစ်စေရေး အတွက် လက်ရှိ တရားလွှတ်တော် ရှေ့နေများကောင်စီအက်ဥပဒေကို တရားဝင် ဘာသာပြန်ဆို၍ ၂၇-၆-၂၀၁၈ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါကြောင်း၊  ယခု အစည်းအဝေးတွင် တရားလွှတ်တော် ရှေ့နေဝင်ခွင့် လျှောက်လွှာ ၆၁၀ ကို စိစစ်ခွင့်ပြုနိုင်ခဲ့ပါကြောင်း၊ ထိုပြင် တရားလွှတ်တော် ရှေ့နေများအပေါ် ကျင့်ဝတ်သိက္ခာနှင့် စပ်လျဉ်းသည့် တိုင်ကြားစာ ၄၄ စောင်နှင့် အထက်တန်း ရှေ့နေ များအပေါ် တိုင်ကြားစာ ၁၁ စောင်တို့ကို လက်ခံရရှိ၍ စစ်ဆေးဆောင်ရွက်နိုင်ရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ လွှဲပြောင်းပေးပို့ခဲ့ပါကြောင်း၊ တရားလွှတ်တော်ရှေ့နေ များ၏ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှု၊ ကျင့်ဝတ်သိက္ခာမြင့်မားရေးတို့ကို တန်ဖိုးထား၍ တရား စီရင်ရေးကဏ္ဍတွင် အများပြည်သူ ယုံကြည်ကိုးစားမှု ရရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက် ကြရန် တိုက်တွန်း မှာကြားခဲ့ ပါသည်။

          အစည်းအဝေးသို့ တရားလွှတ်တော်ရှေ့နေများကောင်စီ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင် စုစုပေါင်း (၉)ဦး တက်ရောက်ခဲ့ကြပါသည်။

               (သတင်းစဉ်)