တရားလွှတ်တော်ရှေ့နေများကောင်စီ၏ ပထမအကြိမ်အစည်းအဝေးကျင်းပ

နေပြည်တော်၊ စက်တင်ဘာ ၂၂

တရားလွှတ်တော်ရှေ့နေများကောင်စီ၏ ပထမအကြိမ်အစည်းအဝေးကို ယနေ့ နံနက် ၀၉:၃၀ နာရီတွင် Video Conferencing ဖြင့် ကျင်းပပြုလုပ်ရာ တရားလွှတ်တော်ရှေ့နေများ ကောင်စီ ဥက္ကဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး က အမှာစကားပြောကြားခဲ့ပါသည်။

အစည်းအဝေး၌ ဥက္ကဌက အမှာစကားပြောကြားရာတွင် ယနေ့ပြုလုပ်သည့် တရားလွှတ်တော်ရှေ့နေများကောင်စီ၏ ပထမအကြိမ် အစည်းအဝေးသည် ၁၀-၆-၂၀၁၉ ရက်နေ့၌ ပြည်ထောင်စုလွှတ်တော်က ပြင်ဆင်ပြဌာန်းပေးခဲ့သည့် တရားလွှတ်တော်ရှေ့နေများ ကောင်စီ အက်ဥပဒေအရ ပေါ်ပေါက်လာသည့် အစည်းအဝေးဖြစ်ပါကြောင်း၊ ယင်းအက်ဥပဒေအရ ပြည်ထောင်စုရှေ့နေချုပ် ဥက္ကဌ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ၂ ဦးနှင့် ဒုတိယရှေ့နေချုပ်တို့က အဖွဲ့ဝင်၊ ရွေးကောက်တင်မြှောက်ခံရသည့် တရားလွှတ်တော်ရှေ့နေ ၁၁ ဦးတို့က ဒုတိယဥက္ကဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များအဖြစ် ပါဝင်သည့် တရားလွှတ်တော် ရှေ့နေများကောင်စီအသစ်ကို ပြင်ဆင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါကြောင်း၊ ယင်းအက်ဥပဒေအရ နည်းဥပဒေ များနှင့် လုပ်ထုံးလုပ်နည်းများကို ပြဌာန်းခဲ့ပြီး ၂-၈-၂၀၂၀ ရက်နေ့တွင် ရွေးကောက်ပွဲပြုလုပ် ပေးနိုင်ခဲ့ပါကြောင်း၊ တစ်နိုင်ငံလုံးရှိ တရားလွှတ်တော်ရှေ့နေ ၃၃၀၀ ကျော်က ရွေးကောက်ခံ တရားလွှတ်တော်ရှေ့နေ ၁၁၀ ဦးကို ဆန္ဒမဲပေး ရွေးချယ်ခဲ့ရာ တရားလွှတ်တော်ရှေ့နေ ၁၁ ဦး ရွေးကောက်တင်မြှောက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ နည်းဥပဒေအရ ရွေးကောက်ပွဲ ကျင်းပပြီး ၂ လ အတွင်း ပထမအကြိမ် အစည်းအဝေးကျင်းပခြင်း ဖြစ်ပါကြောင်း၊ ပထမအကြိမ် အစည်းအဝေးကို မျက်နှာစုံညီ ကျင်းပပြုလုပ်လိုသော်လည်း Covid-19 ကြောင့် ရွေးကောက်ခံရသော တရား လွှတ်တော်ရှေ့နေများရှိသည့် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် Video Conferencing ပြုလုပ်ရခြင်း ဖြစ်ပါကြောင်း၊ ရွေးကောက်တင်မြှောက်ခံရသူ တရားလွှတ်တော် ရှေ့နေကောင်စီဝင် ၁၁ ဦးအနက်မှ ဒုတိယဥက္ကဌအဖြစ် တရားလွှတ်တော်ရှေ့နေ ဦးမြသိန်းနှင့် အတွင်းရေးမှူးအဖြစ် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော် တို့ကို ယခုအစည်းအဝေးတွင် ဆန္ဒမဲဖြင့် ရွေးချယ်ခဲ့ကြပြီး ဖြစ်ပါကြောင်း၊ တရားလွှတ်တော်ရှေ့နေများကောင်စီကို ဥပဒေအရ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားဝင်းအတွင်း အဆောက်အဦအမှတ်(၆)တွင် ရုံးစိုက်ဖွင့်လှစ် ထားပြီး ရုံးခွဲကို ရန်ကုန်မြို့၊ မဟာဗန္ဓုလ ပန်းခြံလမ်း(အောက်ဘလောက်)တွင် ဖွင့်လှစ်ထား ပါကြောင်း၊ တရားလွှတ်တော်ရှေ့နေများကောင်စီသည် တရားလွှတ်တော်ရှေ့နေဝင်ခွင့်လျှောက်ထား သူများ၏ ကိုယ်ရေးအချက်အလက်များကို စိစစ်ပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ ထောက်ခံအတည်ပြုပေးခြင်းနှင့် တရားလွှတ်တော်ရှေ့နေများ၏ ကျင့်ဝတ်သိက္ခာပျက်ပြားမှုများနှင့် စပ်လျဉ်း၍ အရေးယူဆောင်ရွက်နိုင်ရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ သဘောထား တောင်းခံလာသည့်အခါ အစည်းအဝေးတွင် ညှိနှိုင်း၍ သဘောထား ပြန်ကြားခြင်းတို့ကို ဆောင်ရွက်ပါကြောင်း၊ တရားလွှတ်တော်ရှေ့နေများကောင်စီ အက်ဥပဒေအရ ဥပဒေပညာ သင်ကြားရေး အခွင့်အလမ်းများပေးခြင်း၊ သင်တန်းများ ဖွင့်လှစ်ခြင်းနှင့် စာမေးပွဲများ ကျင်းပခြင်း တို့ကို ဆောင်ရွက်ရမည်ဖြစ်၍ ယနေ့တိုးတက်ပြောင်းလဲလာသော ဥပဒေနယ်ပယ်သစ်များ အတွက် ဘာသာရပ်အလိုက် ကျွမ်းကျင်သည့် တရားလွှတ်တော်ရှေ့နေ (ဥပမာ- လူမွဲခံယူ ခြင်းဆိုင်ရာရှေ့နေ -Bankruptcy Lawyer ၊ အသိဉာဏ်ပစ္စည်းဆိုင်ရာရှေ့နေ – Intellectual Property Lawyer ၊ အလုပ်အကိုင်ဆိုင်ရာရှေ့နေ – Employment Lawyer ၊ ကုမ္ပဏီနှင့် စီးပွားရေးအဖွဲ့အစည်းများ ဆိုင်ရာရှေ့နေ – Corporate Lawyer ၊ အခွန်ဆိုင်ရာရှေ့နေ – Tax Lawyer ၊ အိမ်ထောင်မှု့ အခွင့်အရေးဆိုင်ရာရှေ့နေ – Family Lawyer)များ ပေါ်ပေါက်လာ ရေးအစီအစဉ်များ ချမှတ်ဆောင်ရွက်သင့် ပါကြောင်း၊ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှု ဆိုင်ရာလုပ်ငန်းများတွင် တရားရုံး၊ ဥပဒေရုံး၊ တရားစွဲအဖွဲ့အစည်းများနှင့်အတူ မိမိတို့တာဝန် ရှိသည့် ကဏ္ဍအလိုက် တရားမျှတမှုကို ရှေ့ရှု၍ ပူးပေါင်းဆောင်ရွက် နိုင်ကြရေးအတွက် လည်းကောင်း၊ တရားလွှတ်တော်ရှေ့နေများ၏ မှန်ကန်သည့် လုပ်ငန်းဆောင်ရွက်မှုများအပေါ် ပိုမိုတာဝန်ခံ နိုင်ရန်လည်းကောင်း တရားလွှတ်တော်ရှေ့နေများကောင်စီအနေဖြင့် ကြိုးပမ်း ဆောင်ရွက်ကြရန်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အစည်းအဝေးတွင် တရားလွှတ်တော်ရှေ့နေများ အရည်အသွေး မြင့်မားရေးကိစ္စ၊ တရား လွှတ်တော်ရှေ့နေများ၏ ကျင့်ဝတ်သိက္ခာဆိုင်ရာကိစ္စ၊ တရားလွှတ်တော် ရှေ့နေလိုင်စင်ကိစ္စ၊ ရှေ့နေအသင်းမှတ်ပုံတင်ကိစ္စများ ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး အစည်းအဝေးကို မွန်းလွဲ ၁၃:၀၀ နာရီ တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)