နေပြည်တော် မတ် ၂၉


တရားလွှတ်တော်ရှေ့နေများကောင်စီ အစည်းအဝေး အမှတ်စဉ် ၁/၂၀၂၃ ကို နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်၊ နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း၊ Cluster–1, တိုက် အမှတ်(၆)ရှိ တရားလွှတ်တော်ရှေ့နေများကောင်စီရုံး၌ နေ့လယ် ၁၁:၀၀ နာရီ အချိန်တွင် ကျင်းပ ပြုလုပ်ရာ ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်၊ တရားလွှတ်တော် ရှေ့နေများကောင်စီဥက္ကဋ္ဌ ဒေါက်တာသီတာဦး ဦးဆောင်၍ ကောင်စီဝင်များ စုံစုံညီညီ တက်ရောက်ခဲ့ ကြပါသည်။
အစည်းအဝေးတွင် ရှေ့နေကျင့်ဝတ်ဖောက်ဖျက်သည့် တရားလွှတ်တော်ရှေ့နေများအပေါ် တရားလွှတ်တော်ရှေ့နေများကောင်စီအက်ဥပဒေပုဒ်မ ၁၀ (၁) အရ ထိုက်သင့်သည့် အရေးယူမှု ပြုလုပ်ရန် သင့်၊ မသင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က သဘောထားတောင်းခံသည့်ကိစ္စနှင့် တရားလွှတ်တော်ရှေ့နေအဖြစ် စာရင်းတင်သွင်းခွင့်ပြုရန် လျှောက်ထားသည့် အထက်တန်းရှေ့နေ ၁၂၃ ဦးတို့ကို ကန့်ကွက်ရန် ရှိ / မရှိ သဘောထားတောင်းခံသည့်ကိစ္စတို့ကို ကောင်စီဝင်တစ်ဦးချင်းစီထံ သဘောထားတောင်းခံထားပြီးဖြစ်ကြောင်း၊ ကောင်စီဝင်များ၏ သဘောထားမှတ်ချက်များအပေါ် ယခုအစည်းအဝေးမှာ ဆက်လက်ဆွေးနွေးမည်ဖြစ်ကြောင်း။ ဥပဒေပညာဌာနက Online ဖြင့် ဖွင့်လှစ်သင်ကြားသည့် ဘွဲ့လွန်ဥပဒေပညာ ဒီပလိုမာသင်တန်း Post Graduate Diploma in Law (P.G.D.L) အောင်မြင်ပြီးသူ အထက်တန်းရှေ့နေများက တရားလွှတ်တော်ရှေ့နေအဖြစ် စာရင်း တင်သွင်းခွင့်ပြုရန် လျှောက်ထားသည့်ကိစ္စများ၊ ဘွဲ့လွန်ဥပဒေပညာဒီပလိုမာသင်တန်း Post Graduate Diploma in Law (P.G.D.L) မဟုတ်သည့် ဘွဲ့လွန်ဒီပလိုမာ Post Graduate Diploma (DL) ရရှိပြီးသူ အထက်တန်းရှေ့နေတစ်ဦးက တရားလွှတ်တော်ရှေ့နေအဖြစ် စာရင်းတင်သွင်းခွင့်ပြုရန် လျှောက်ထား သည့်ကိစ္စနှင့် UN အဖွဲ့အစည်း လက်အောက်တွင် အမှုလိုက်ပါဆောင်ရွက်လျက်ရှိသည့် ဥပဒေဆိုင်ရာ အဖွဲ့အစည်းများ၏ ကိစ္စရပ်များကို ဆွေးနွေးရန်ရှိကြောင်း၊ တရားလွှတ်တော်ရှေ့နေများကောင်စီ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်သည့် ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်အနေဖြင့် ပြည်ထောင်စုဝန်ကြီးဌာနများအတွက် ဥပဒေရေးရာဝန်ကြီးဌာနက ဖွင့်လှစ်သည့် စီးပွားရေးစာချုပ် စာတမ်းများ ချုပ်ဆိုခြင်းဆိုင်ရာ အခြေခံသင်တန်း အမှတ်စဉ် ၁/၂၀၂၃ တွင် တရားလွှတ်တော်ရှေ့နေ ၂ ဦးကို ပါဝင်တက်ရောက်စေခဲ့ပါကြောင်း၊ မူပိုင်ခွင့်ဆိုင်ရာ ပညာရှင်များအဖြစ် ရွေးချယ်ရန် အရည် အချင်းသတ်မှတ်ချက်များနဲ့ ကိုက်ညီသူအမည်စာရင်းကို ပေးပို့ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနက မေတ္တာရပ်ခံသည့်အပေါ် မူပိုင်ခွင့်ဆိုင်ရာ ပညာရှင်များအဖြစ် ရွေးချယ်ရန် အရည် အချင်းသတ်မှတ်ချက်များနှင့်ကိုက်ညီသူ (စိတ်ပါဝင်စားသူ) ရှေ့နေရှေ့ရပ်များ လျှောက်ထားနိုင်ရန် အသိပေးကြေညာချက် ထုတ်ပြန်ပေးခဲ့ပါကြောင်း။ ဆက်လက်၍ ငွေရေးကြေးရေးမဟုတ်သည့် စီးပွားရေးလုပ်ငန်းများနှင့် ကျွမ်းကျင်မှုဆိုင်ရာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအတွက် ကြီးကြပ် ရေးအာဏာပိုင်အဖြစ် ငွေကြေးခဝါချမှုဆိုင်ရာ ဆုံးရှုံးနိုင်ခြေအန္တရာယ် အခြေပြု လုပ်ငန်းခွင်ပြင်ပ ကြီးကြပ်ခြင်း (Offsite Monitoring) နှင့် လုပ်ငန်းခွင်အတွင်း ဝင်ရောက်စစ်ဆေးခြင်း(Onsite Inspection)များတွင်လည်း တရားလွှတ်တော်ရှေ့နေများကောင်စီမှ အဖွဲ့ဝင် ၃ ဦးကို လိုက်ပါ ဆောင်ရွက်စေခဲ့ပါကြောင်း ဆွေးနွေးပြောကြားပါသည်။
အစည်းအဝေးသို့ တက်ရောက်လာကြသော တရားလွှတ်တော်ရှေ့နေများကောင်စီ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဦးမျိုးတင့်၊ တရားလွှတ်တော်ရှေ့နေများ ကောင်စီ အဖွဲ့ဝင်တရားလွှတ်တော်ရှေ့နေများဖြစ်ကြသည့် ဦးဝင်းအောင်၊ ဒေါ်ခင်နုသာ၊ ဦးလှဟန်၊ ဦးစိုးသိန်း၊ ဦးဝင်းဖေ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုးနှင့် တရားလွှတ်တော်ရှေ့နေများကောင်စီအတွင်းရေးမှူး ဥပဒေ ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီသီမြင့်တို့က ပြန်လည်ဆွေးနွေး တင်ပြကြပြီး အစည်းအဝေးကို ညနေပိုင်းတွင် ရုတ်သိမ်းခဲ့ပါသည်။
(သတင်းစဉ်)
