တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ အဋ္ဌမအကြိမ်အစည်းအဝေး ကျင်းပပြုလုပ်

နေပြည်တော်၊  ဇန်နဝါရီ  ၁၁

          တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ အဋ္ဌမအကြိမ်အစည်းအဝေးကို အွန်လိုင်းစနစ်ဖြင့် ယနေ့ နံနက် ၀၉:၃၀ နာရီ အချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့၏ ဥက္ကဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက အမှာစကားပြောကြားခဲ့ပါသည်။

          အဆိုပါ အစည်းအဝေး၌  ပြည်ထောင်စုရှေ့နေချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ကို ပြည်ထောင်စုအစိုးရအဖွဲ့က  ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး အဖွဲ့၏ လုပ်ငန်းတာဝန်များကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များ တွင် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲများကို တိုးချဲ့ဖွဲ့စည်းခဲ့ပါကြောင်း၊ ထို့ပြင်လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် လိုအပ်သောအကြံဉာဏ်များ ရယူနိုင်ရေးအတွက် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများပါဝင်သည့် အကြံပေးအဖွဲ့ကိုလည်း ဖွဲ့စည်းခဲ့ပါကြောင်း၊ အဖွဲ့၏ မဟာဗျူဟာ စီမံကိန်း ရေးဆွဲချမှတ်နိုင်ရန်  “တရားဥပဒေစိုးမိုးရေးအတွက် တရားမျှတမှုဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးညီလာခံ” ကို ၂၀၁၈ ခုနှစ်၊ မတ်လ ၇ ရက်နေ့နှင့် ၈ ရက်နေ့တို့တွင် ကျင်းပခဲ့ပါကြောင်း၊ ယင်းညီလာခံ ပါဝင်တက်ရောက်သူများ၏ အကြံပြုချက်များနှင့်အညီ “ ပြည်သူ့အတွက် တရား မျှတမှု” (၂၀၁၉-၂၀၂၃)မဟာဗျူဟာ စီမံကိန်းကိုရေးဆွဲခဲ့ပြီး ပြည်ထောင်စုအစိုးရအဖွဲ့က အတည် ပြုပေးခဲ့ပါကြောင်း၊ ယင်းမဟာဗျူဟာစီမံကိန်းတွင် တရားမျှတမှုကဏ္ဍ ပေါင်းစပ်ညှိနှိုင်းမှု၊ အများ ပြည်သူယုံကြည်မှု၊ တရားမျှတမှုဆိုင်ရာ အသိပညာပေးခြင်း၊ တရားမျှတမှုကဏ္ဍ အစီအမံများ တိုးတက်စေရန် ဆောင်ရွက်ခြင်း စသည့် ပန်းတိုင် ၄ ရပ် ချမှတ်ခဲ့ပါကြောင်း၊ စီမံကိန်းပါ လုပ်ငန်းစဉ်များဖြစ်သည့် အဖွဲ့၏ လုပ်ငန်း ဆောင်ရွက်ချက်ဆိုင်ရာ စံလုပ်ထုံးလုပ်နည်းများကို ထုတ်ဝေခြင်း၊ အဖွဲ့နှင့် အဖွဲ့ခွဲများ၏ ပုံမှန်အစည်းအဝေးများကို ကျင်းပခြင်း၊ နိုင်ငံတကာမိတ်ဖက် အဖွဲ့အစည်းများနှင့် အဖွဲ့ခွဲများ ပူးပေါင်းပြီး လူထုတွေ့ဆုံဆွေးနွေးပွဲများနှင့် အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ခြင်း စသည်တို့ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ စီမံကိန်းပါကျန်ရှိသည့် လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ယင်းစံ လုပ်ထုံးလုပ်နည်းများတွင် တိုင်ကြားစာများ လက်ခံဆောင်ရွက်ခြင်း၊ အခင်းဖြစ်ပွားရာဒေသသို့ ကွင်းဆင်းလေ့လာ စိစစ်ခြင်း၊ ပေါင်းစပ်ဆောင်ရွက်ခြင်း၊ အသိပညာပေးရေး ဆောင်ရွက်ခြင်း၊ အစည်းအဝေး ကျင်းပခြင်းဆိုင်ရာကိစ္စရပ်များကို ထည့်သွင်းရေးဆွဲခဲ့ပါကြောင်း၊ သို့ပါ၍ အဖွဲ့ခွဲများ အနေဖြင့် စံလုပ်ထုံးလုပ်နည်းများနှင့်အညီ မှန်မှန်ကန်ကန် ပေါင်းစပ်ညှိနှိုင်းပေးနိုင်ပါက အများပြည်သူအတွက် တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှု လက်လှမ်းမီရေးကို ရရှိမည်ဟု ယုံကြည် ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲများအား ပြည်ထောင်စုအစိုးရအဖွဲ့က ဖွဲ့စည်းခွင့်ပြုထားသည်နှင့်အညီ အဖွဲ့ဝင်အားလုံး ပူးပေါင်းဆောင်ရွက် စေလိုပါကြောင်းနှင့် အလားတူ အစိုးရဌာန အဖွဲ့အစည်းများကလည်း ပူးပေါင်းဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း  ပြောကြားခဲ့ပါသည်။

       အစည်းအဝေးတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲများမှ ၎င်းတို့ ဆောင်ရွက်လျက်ရှိသည့် အသိပညာပေးလုပ်ငန်းများ၊ တိုင်ကြားစာများအပေါ် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးမှုများကို ဆွေးနွေးတင်ပြခဲ့ပါသည်။

       အဆိုပါအစည်းအဝေးကို ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲများ၏ အဖွဲ့ခေါင်းဆောင်များ၊ အဖွဲ့ဝင်များ ပါဝင်တက်ရောက် ခဲ့ကြပါသည်။

                                                                                                                                                                                  (သတင်းစဉ်)