နိုင်ငံတကာစာချုပ်များ ညှိနှိုင်းဆွေးနွေးခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုရှေ့နေချုပ် တက်ရောက် အမှာစကားပြောကြား

နေပြည်တော်၊ ဧပြီ၃

               ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် စင်ကာပူနိုင်ငံရှေ့နေချုပ်ရုံးတို့အကြား ပူးပေါင်း ကျင်းပသည့် နိုင်ငံတကာစာချုပ်များ ညှိနှိုင်းဆွေးနွေးခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးရှိအစည်းအဝေးခန်းမ၌ ဖွင့်လှစ် ကျင်းပရာ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပသည်။

       ပြည်ထောင်စုရှေ့နေချုပ်က အမှာစကားပြောကြားရာတွင် စင်ကာပူနိုင်ငံ ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့သည် ဥပဒေရေးရာ အပြန်အလှန်ဖလှယ်ရေးအစီအစဉ်အတွက် နားလည်မှုစာချွန်လွှာတစ်ရပ်ကို ၂၀၁၄ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ အဆိုပါအစီအစဉ်အရ ဥပဒေရေးရာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်ခဲ့ပါကြောင်း၊ စီးပွားရေးဆိုင်ရာဥပဒေသင်တန်း၊ ပြစ်မှုဆိုင်ရာ ဥပဒေသင်တန်း၊ ဥပဒေဘာသာပြန်ဆိုခြင်းသင်တန်း၊ အင်္ဂလိပ်ဘာသာ သင်တန်းများအပါအဝင် အလုပ်ရုံ ဆွေးနွေးပွဲများ၊ လုပ်ငန်းခွင်တွဲဖက်သင်တန်းများကို စီစဉ်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ယခုသင်တန်းသည် ဥပဒေအရာရှိများအတွက် နိုင်ငံတကာစာချုပ်များတွင် ပါဝင်ညှိနှိုင်း ဆွေးနွေးရာ၌လည်းကောင်း၊ စိစစ်အကြံပြုရာ၌ လည်းကောင်းများစွာ အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ သင်တန်းသားများအနေဖြင့် သင်တန်းတွင် တက်ကြွစွာပါဝင်ဆွေးနွေးလေ့လာကြရန် တိုက်တွန်းပါကြောင်းမှာကြားခဲ့ ပါသည်။

           သင်တန်းမှာ ၂၀၁၇ ခုနှစ် ဧပြီလ ၃ ရက်နေ့မှ ၄ ရက်နေ့အထိ ၂ ရက်ကြာမြင့်မည် ဖြစ်ပါသည်။ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာရှိကြီးများ၊ စင်ကာပူနိုင်ငံရှေ့နေချုပ်ရုံးမှ Principal Senior Consultant ဖြစ်သူ Mr. Jeffrey Chan နှင့် သင်တန်းဆရာ/မများ၊ သင်တန်းသားသင်တန်းသူ ၂၀ ဦးတို့ တက်ရောက်ခဲ့ကြပါသည်။